Friday, 28 September 2012

သြော်...ဒါနဲ့စကားမစပ် (ဝတ္ထုတိုများ) - သုမောင် (အပိုင်း-၁)




မာတိကာ

- ကျေးဇူးစကား ..... ၇
၁။ ဘာသာစကားအချင်းချင်း
ရောယှက်ဆက်နွယ်ခြင်း ..... ၁၀
၂။ လူငယ်တွေကို လုံးဝလျှော့မတွက်နဲ့ ..... ၂၄
၃။ ပညာရှင်မဟုတ်ဘူးဆိုတဲ့ ပါရမီရှင် ..... ၄၀
၎။ ရွှေတိုင်ညွန့်လည်း ကော်ပီလုပ်ခဲ့ဖူးပါတယ် ..... ၄၇
၅။ မြန်မာသံသီချင်းတွေနဲ့ ကျွန်တော့ရဲ့ကံ ..... ၅၆
၆။ တောသူတောင်သားတွေရဲ့ အသည်းပန်းဦး ..... ၆၆
၇။ ကျွန်တော့်ရဲ့ ပထမဦးဆုံး ကက်ဆက်ခွေ
ပန်းတွေနဲ့ဝေ ..... ၇၄
၈။ နိုင်ငံတကာ စာပေပညာရှင်တွေ ထကကြတဲ့
မြနန္ဒာ ..... ၈၉
၉။ မြန်မာ့ဂန္ထဝင်အနုပညာ
အဆင့်မြှင့်ဖို့ လိုပြီဗျာ ..... ၉၆
၁၀။ စိတ်နာတယ်ဆိုတာ ကြိုးစားဖို့
တွန်းအားဖြစ်စေရမယ် ..... ၁၁၀
၁၁။ ရွှေမန်းတင်မောင်က
သူ့ပရိသတ်ကို ထိုင်ကန်တော့တယ် ..... ၁၃၀
                                "... ကိုဝင်းဦးက ရွှံ့ဗွက်ထဲဆင်း
                           ပြီးတော့ တီးလုံးမပါဘဲနဲ့ သီချင်းဆိုပြတယ်။
                        ပရိသတ်က သဘောကျတယ်။ နောက်တစ်ခါ
                        ဂန္ထဝင်အဆိုတော်ကြီး ဦးသိန်းတန်က သီချင်း
                       မဆိုနိုင်တဲ့အခါကျတော့ စင်ပေါ် မျက်နှထွက်
                       ပြတာ ပရိသတ်က သဘောကျတယ်။ ကျေနပ်
                           ကြတယ်။ သုမောင်ကြီးကျတော့ ..."

ကျေးဇူးစကား

၂၀၁၀ ပြည့်နှစ်၏ နွေဦးနုနုတစ်ရက်မှာ ဆရာသုမောင်နှင့် တွေ့ဆုံဖြစ်ခဲ့သည်။ နမောတဿအမွှန်းနှင့် အခြေခံဗုဒ္ဓယဉ်ကျေးမှုဆောင်းပါးများ စာအုပ် စီစဉ်ရန်ကိစ္စနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ ဆရာ့အိမ်အနီး သာဓုခြံထောင့်ရှိ ဆရာ့ညီ မောင်ရူပ၏လက်ဖက်ရည်ဆိုင်၊ ဆရာထိုင်နေကျ စားပွဲလေးမှာ ဖြစ်သည်။
ထိုစဉ်က မန္တလေး FM ရေဒီယိုအစီအစဉ်တွင် ဆရာသုမောင်၏ သြော်… ဒါနဲ့စကားမစပ် ဟောပြောချက်များကို အပတ်စဉ် ထုတ်လွှင့်နေချိန် ဖြစ်သည်။ ထိုအစီအစဉ်ကို အားလပ်သည့်အချိန်နှင့် ကြုံတိုင်း ထုံ့ပိုင်းထုံ့ပိုင်း နားထောင်ဖြစ်ခဲ့သည်။ နှစ်ခြိုက်မိသည်။ ထို အစီအစဉ်ဟောပြောချက်များကို စာအုပ်အဖြစ် စီစဉ်လျှင် ကောင်းမှာပဲဟု စိတ်ကူးပေါ်မိသည်။ ဆရာသုမောင် စာရေးလျှင် စကားပြောဟန်ဖြင့် လွတ်လပ် ပေါ့ပါးသွက်လက်စွာ ရေးလေ့ရှိသည်ကို သတိပြုမိသဖြင့် ဆရာ့ဟောပြောချက်များကို စာအုပ်အဖြစ် ပြောင်းလဲဖန်တီးရန် အခက်အခဲ မရှိနိုင်ဟု ယုံကြည်ယူဆခဲ့သည်။
ယင်းစိတ်ကူးကို ဆရာနှင့်တွေ့ဆုံစဉ် ထုတ်ဖော်မိသည်။ သြော်… ဒါနဲ့ စကားမစပ် ရေဒီယိုဟောပြောချက်များကို စာအုပ်အဖြစ် ဖန်တီးလိုကြောင်း ပြောပြတော့ ဝမ်းသာအားရ လက်ခံခဲ့သည်။ “မှတ်တမ်းကျန်သွားတာပေါ့” ဟု ကျေနပ် နှစ်သက်စွာ ဆိုခဲ့သည်။ နောက်ရက်တွင် ဟောပြောချက်အခွေများကို ပေးပါတော့သည်။ သို့ဖြင့် ဟောပြောချက်များကို စာအုပ်အဖြစ် စီစဉ်ဖြစ်ခဲ့သည်။ စာအုပ် ထွက်ခါနီးတွင် အမှာစာ ရေးပေးမည်ဟု ဆရာသုမောင်မှ ပြောခဲ့သည်။
သို့သော် ဆရာသုမောင် အမှာ ရေးမသွားနိုင်ခဲ့ရှာပါ။ စာအုပ်စီစဉ်နေစဉ် ၂၀၁၀ ပြည့်နှစ်၊ မေလတွင် ဆရာ ကွယ်လွန်သွားခဲ့သည်။ သြော်… ဒါနဲ့ စကားမစပ် ကို အမှာ အနားသတ်မသွားနိုင်ခဲ့တော့ပါ။ ဆရာ့ကဲ့သို့ ရုပ်ရှင်၊ ဂီတ၊ စာပေပညာရှင်တစ်ဦး ကွယ်လွန်သွားခဲ့ရသည့်အတွက် ဆရာ့ ပရိသတ်တစ်ဦးအနေဖြင့်ရော၊ ရင်းနှီးသူ မိတ်ဆွေတစ်ဦးအနေဖြင့်ပါ ဝမ်းနည်းမိပါသည်။
ဆရာ ကွယ်လွန်သွားသော်လည်း ဆရာနှင့် စီစဉ်ခဲ့သည်ကို ဆရာ့ဇနီး အစ်မဒေါ်အေးဘုံနှင့် (ကို)ဖိုးသောကြာတို့က ဆက်လက်လုပ်ဆောင်ရန် ခွင့်ပြုခဲ့သဖြင့် စာအုပ်အဖြစ် ထွက်ပေါ်လာခဲ့ပါပြီ။ ဆရာသုမောင်ကို ချစ်ခင်မြတ်နိုး လေးစားတန်ဖိုးထားသော ပရိသတ်ထံသို့ ဆရာ့စာအုပ်ကို ပို့ဆောင်နိုင်ခဲ့ပြီဖြစ်သည်။ သို့အတွက် စာအုပ်အဖြစ် စီစဉ် ထုတ်လုပ်နိုင်ရန် ခွင့်ပြုပေးခဲ့သည် အစ်မဒေါ်အေးဘုံ၊ (ကို)ဖိုးသောကြာနှင့် မိသားစုကို လှိုက်လှဲစွာ ကျေးဇူးတင်ရပါသည်။
ယခင်က ထုံ့ပိုင်းထုံ့ပိုင်း နားထောင်ခဲ့ရသည့် ဟောပြောချက်များကို စာအုပ်အဖြစ် စီစဉ်တော့ တစ်ဆက် တစ်စပ်တည်း ဖတ်ရသည်။ ယင်းသို့ ဖတ်ရှုရသောအခါ စာအုပ်အဖြစ် ဖန်တီးခွင့်ရသည်ကို ကျေနပ် အားရမိသည်။ ဆရာ့ကိုလည်း ပိုပြီး နှမြောတသ လွမ်းမောရပါသည်။
ဆရာ့ဘဝ တစ်သက်တာ ဖြတ်သန်းမှုတွင် ကြုံတွေ့ခဲ့ရသည့် ဂီတ၊ ရုပ်ရှင်၊ စာပေ နယ်ပယ်ကို အဓိကထားပြီး ဘဝအတွေ့အကြုံများ၊ ဆင်ခြင်တွေးဆဖွယ်ရာများ၊ သတိပြုဖွယ်ရာများကို လူငယ်များအတွက် လမ်းညွှန်၊ လူကြီးများအတွက် မျှဝေခြင်းဖြင့် အတွေးစများ ပေးထားခဲ့ပါသည်။ ဆရာ့ကို ချစ်ခင်မြတ်နိုး လေးစားတန်ဖိုးထားသော ဆရာ့ပရိသတ် ကျေနပ်နှစ်သိမ့်စွာ အလွမ်းဖြေနိုင်လိမ့်မည်ဟု မျှော်လင့်မိပါသည်။
စာဖတ်သူများ၏ ကျေးဇူးအထူးကို ဦးခိုက်လျက် …

ဘာသာစကားအချင်းချင်း ရောယှက်ဆက်နွှယ်ခြင်း

သြော်… ဒါနဲ့စကားမစပ်၊ အင်း ‘သြော်… ဒါနဲ့စကားမစပ်’ ဆိုတာ ကြားလိုက်တာနဲ့ ‘အဲ… သုမောင်ကြီး လူလည်ကျတော့မယ်’လို့ ထင်စရာရှိတယ်။ သို့သော် အဲသလို မဟုတ်သေးဘူး။ စကားမစပ် ဆိုတာဟာ ပြောနေကြတဲ့ စကားဝိုင်းထဲကို အလိုက်သင့်ဝင်တဲ့အခါမှာ ကိုယ်က ရိုရိုကျိုးကျိုးလေး ပြောတဲ့စကား။ အင်္ဂလိပ်မှာ ရှိတယ်၊ by the way နော်။ သူက ရှင်းတယ်၊ ဒီလမ်းကြောင်းထဲကို ဝင်ပြောတာ။ မြန်မာကကျတော့ ဒီလမ်းကြောင်းထဲကိုပဲ ပြောနေတဲ့စကားမှာ ဘေးက ဝင်တဲ့အခါ အောက်ကျို့ပြီးတော့ ‘သြော်… ဒါနဲ့ စကားမစပ်နော်’၊ ဘာရယ် မဟုတ်ပါဘူးဆိုတဲ့ သဘောလေးပါတယ်။ ဒါ မြန်မာ့ယဉ်ကျေးမှုနဲ့ ဆိုင်တယ်နော်။ အဲဒီတော့ စောစောက ပြောသလိုပေါ့လေ။ အင်္ဂလိပ်က by the way အနောက်နိုင်ငံပေါ့လေ။ သူတို့က ရိုးရှင်းတယ်။ ဗြောင်ကျတယ်။
အဲဒီမှာ ဗဟုသုတလေး ပြောပြပါဥိးမယ်။ ကျွန်တော်တို့ မြန်မာတွေကပေါ့နော်။ သိုင်းကျူးတို့၊ ဆောရီးတို့ တွင်တွင်သုံးတယ်။ အင်္ဂလိပ်လိုလည်း ပြောတယ်၊ မြန်မာလိုလည်းပြောတယ်။ ကျေးဇူးပါပဲ၊ မတော်လို့ပါနော်၊ တွင်တွင်သုံးတယ်။ မလိုအပ်တဲ့နေရာမှာတောင် သုံးတယ်။ ဆိုပါစို့၊ ရုံးပြင်ကနား တစ်နေရာရာသွားတယ်။ ကိုယ် စကားပြောရမယ့်လူ စားပွဲနားရောက်တယ်။ ကုလားထိုင်ရှေ့ ဝင်ထိုင်တယ်။ ဟိုက လက်ပြလိုက်တယ်။ ထိုင်ပါဆိုရင် ကျေးဇူးတင်ပါတယ်။ ကြည့်နော်။ ဒီနေရာမှာထိုင်ပြီး အလုပ်စကားပြောရမှာပဲ၊ ထိုင်ပါဆိုတော့ အဲဒါကိုပဲ ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားလေး သုံးလိုက်တယ်။
ဘတ်စ်ကားပေါ်မှာ တစ်ယောက်ခြေထောက် တစ်ယောက်နင်း၊ တိုးတက် လုတက်နေတာ ကြားထဲမှာလည်း တစ်ခါထိ တစ်ခါ ဆေရီးလို့ လုပ်တာပဲ။ ကျွန်တော်တို့ မြန်မာက ဒါ ယဉ်ကျေးတဲ့သဘော၊ သိမ်မွေ့တဲ့ သဘောကို ပြတာ။
ဒါပေမဲ့ ကျွန်တော် အမေရိကန်နိုင်ငံကို ရောက်တုန်းက တစ်နေ့မှာ အမေရိကန်မိတ်ဆွေတစ်ယောက်နဲ့ လမ်းလျှောက်သွားတယ်။ ကော်ဖီဆိုင်ကို သွားတယ်။ သွားနေရင်းနဲ့ ဘာသွားတွေ့လဲဆိုတော့ မျက်နှာချင်းဆိုင်မှာ အဘွားအိုကြီးတစ်ယောက် အသက် ၇၀ လောက် ရှိမယ်။ ခွေးလေးက ရှေ့က လမ်းကြောင်းပေးလာတယ်။ သူ မျက်စိမမြင်ဘူး ဆိုတာ သိသာပါတယ်။ မျက်နှာချင်းဆိုင်လာနေရာကနေ ကျွန်တော်တို့ရဲ့ ရှေ့ခပ်လှမ်းလှမ်းမှာ မြက်ခင်းလေးရှိတယ်။ အဲဒီမြက်ခင်းလေးမှာ ရေပန်းလေးက အော်တိုမစ်တစ် လည်နေတယ်။
ခွေး ဆိုတဲ့သတ္တဝါကလည်း ရေပန်းတွေ့တော့ သူ့ပန်းစရာ နေရာလို့ထင်လား မသိဘူးဗျ။ ဆတ်ဆိုပြေးပြီးတော့ ရေပန်းကို ငေါက်ခနဲပန်းလိုက်တော့တာကိုး။ ငေါက်ခနဲ သူပန်းလိုက်တဲ့အခါမှာ သူဆွဲလိုက်တဲ့အရှိန်နဲ့ ဒီအဘွားအိုကြီးက ယိုင်သွားတယ်။
အဲဒီအချိန်မှာ ကျွန်တော်က ဒီအဘွားအိုကြီးကို ပြေးပြီးတော့ လက်တစ်ဖက်နဲ့ ထိန်းတယ်။ ပါးစပ်ကလည်း မြန်မာလိုပဲ ထွက်သွားတယ်။ ‘အမေ အမေ’ ဆိုပြီးတော့ပေါ့။ ကျွန်တော်တို့ ကူညီနေကျအတိုင်း ကျွန်တော်တို့ ယဉ်ကျေးမှုအတိုင်း ကူညီလိုက်တယ်။ သွားဆွဲလိုက်တဲ့အခါ ကျွန်တော့်ရဲ့ ကျန်နေတဲ့ လက်တစ်ဖက်ကို စောစောက ပြောတဲ့ ကျွန်တော့်ရဲ့အဖော် ဂျင်မ်တဲ့၊ သူက စာရေးသင်နေတဲ့၊ ဝတ္တုရေးသင်နေတဲ့ တက္ကသိုလ်ကျောင်းသားလေ။ ဂျင်မ်က နိုးနိုးနိုး ဆိုပြီး ကျွန်တော့်လက်တစ်ဖက်ကို ဆွဲတယ်။
“ဘာဖြစ်လို့တုံး၊ ငါကူညီနေတာ”
လို့ ဆိုတော့ -
“အရမ်းကူညီလို့ မရဘူး” တဲ့။
ဒီဥစ္စာကတဲ့၊
“သူ့မှာမျက်စိပါတယ်” တဲ့။
“သြော်… မင်းကလည်း၊ သူ့မှာ မျက်စိကန်းနေတာကို”
ဆိုတော့ -
“မဟုတ်ဘူး” တဲ့။
“သူ့ရဲ့ခွေးက သူ့မျက်စိ” တဲ့။
“ဆရာသွားပြီး သူ့ကိုဆွဲလိုက်တာ သူ့ရဲ့သိက္ခာကို စော်ကားတာ။ သူ့မှာ မျက်စိရှိတယ်။ သူ့ရဲ့ လူမှုသိက္ခာကို စော်ကားလိုက်တာပဲ”
ဆိုပြီး လက်ကိုဆွဲထားတယ်။ ဒါပေမယ့် ကံကောင်းတယ်နော်။ အဲ… ကံကောင်းချင်တော့ဆိုတာက ပြီးမှ သိတာနော်။ အဲဒီလိုလည်း လက်တစ်ဖက်နဲ့ အဘွားကြီးကို မိရော၊ အဘွားကြီးက -
“သိုင်းကျူး သိုင်းကျူး” တဲ့။
နှစ်လုံးဆင့်ပြောတယ်။ အဲဒီမှာ စောစောကပြောတဲ့ ဂျင်မ်ဆိုတဲ့ ကျောင်းသားက ဘာပြောလဲဆိုတော့ -
“ဆရာ တော်တော်ကံကောင်းတယ်နော်၊ ဘုရားသခင်က အကာအကွယ်ပေးလိုက်တာ၊ နို့မို့ဆိုရင် သူ့စော်ကားတယ်ဆိုပြီး သူက ဆရာ့ကို တရားစွဲချင်စွဲမှာ” တဲ့။
ကြည့်နော်၊ သူတို့ဆီက ပြောပြောနေတဲ့ သိုင်းကျူးရယ်၊ ဆောရီးရယ်ဆိုတာ တစ်ခုခု ထိမိခိုက်မိလို့ ဆောရီးမပြောဘူး။ သိပ် အရေးကြီးမှ သူတို့ ဒါကိုသုံးတယ်။ ဆိုလိုတာကတော့ သူတို့ အနောက်တိုင်းက တိကျတယ်၊ ပြတ်သားတယ်။ ကျွန်တော်တို့ရဲ့ အရှေ့တိုင်းက မတိကျ၊ မပြတ်သားဘူးတော့ မဟုတ်ဘူးပေါ့လေ။ ယဉ်ကျေးမှုအရ ရိုရိုကျိုးကျိုးလေး ပြောတတ်ဆိုတတ်တာကို ပြောချင်တာပါ။
ဒီအစဉ်အစဉ်ရဲ့ ခေါင်းစဉ်ကို မူလတုန်းက ကွမ်းစကား လို့ ပေးမလို့။ ဘာကြောင့်လဲဆိုတော့ သုမောင်ကြီးက ကွမ်းစကားဆိုပြီး စာတွေရေးတယ်။ သဘောကတော့ ကွမ်းစားသလိုပဲ၊ အရည်မရ အဖတ်မရ။ သို့သော် ကွမ်းစားတဲ့လူတွေ သိတယ်။ ကွမ်းစားရင် အရသာလေးတစ်ခု ရှိတယ်။ အဲဒါလေးကို အခြေခံပြီးတော့ ကျွန်တော်က ကွမ်းစကားဆိုပြီးတော့ရေးတယ်။
ရေးတဲ့အခါမှာ ကိုယ့်အကြောင်း၊ ကိုယ့်မိသားစုအကြောင်း၊ ကိုယ့်မိန်းမ၊ ကိုယ့်ကလေးတွေအကြောင်း၊ အစ်ကိုတွေအကြောင်း၊ အဖေအကြောင်း၊ အမေအကြောင့် စသဖြင့်ရေးတဲ့အခါကျတော့ ပြောရရင် ပရိသတ်အဖို့ နည်းနည်းဘောင်ကျဉ်းတယ်။ စကားမစပ်ကျတော့ ဘောင်ကျယ်သွားပြီ။ ပြောချင်တဲ့ အကြောင်းအရာကို ပြောလို့ရတယ်။ သူများပြောနေတဲ့ ဘယ်အကြောင်းအရာမဆိုကိုလည်း ဝင်ပြောလို့ရတယ် နော်။
ဒါကြောင့် စကားမစပ်လို့ နာမည်ပေးရတာပါ။ စကားမစပ် ပြောပြလိုက်ဦးမယ်။ ဟိုးအရင် ဦးသုမောင်ကြီးတို့ ငယ်ငယ်ကရှိတယ်။ မြန်မာ့အသံဦးသန်းတဲ့။ သူက ဘယ်သူလဲဆိုရင် မြန်မာ့အသံကပဲ၊ အစ်မကြီး ဒေါ်တင်တင်မြရဲ့ အဖေ။
 သူက ဘာလုပ်ခဲ့သလဲဆိုရင် ‘ရွှေမောင်းသံ’ ဆိုပြီး လုပ်ခဲ့တယ်။ ရွှေမောင်းသံ ‘ဒူ’ ဆိုပြီးတော့ ကောင်းနိုးရာရာလေးတွေ ပြောပြီးတော့ ရွှေမောင်းသံဆိုပြီး လုပ်ခဲ့တယ်။
တစ်ခါ ကမ္ဘာ့ဂီတဆိုပြီးတော့လည်း ဦးသန်းမြင့်က လုပ်ခဲ့သေးတယ်။ ဦးသန်းမြင့်ကလည်း ကမ္ဘာ့ဂီတသာပြောတာ၊ မြန်မာ့ဂီတတစ်ခုတလေလေးတောင် သူက တီးတတ်တာ မဟုတ်ဘူးဗျ။ ဒါပေမယ့် မှတ် ဉာဏ်နဲ့ လေ့လာမှုအား အလွန်ကောင်းခဲ့တာကြောင့် ဦးသန်းမြင့်ကြီးရဲ့ ကမ္ဘာ့ဂီတဟာ ဒီကနေ့အထိ ပရိသတ် စွဲစွဲလမ်းလမ်း ရှိခဲ့တယ်။
နောက်တစ်ယောက် ရှိပါသေးတယ်။ ဆရာကြီး ဦးဂုဏ်ဘဏ်၊ ဦးဂုဏ်ဘဏ်ဆိုလည်း ဒီလိုပဲ၊ ယဉ်ကျေးမှုလေးတွေ၊ ရိုးရာလေးတွေကို ပြောတယ်။ နောက်စကားပုံတွေ၊ ဇာတ်စကားတွေပြောတယ်။ အဲဒီမှာလည်း ထူးခြားတာ တစ်ခုရှိတယ်။ ဘာလဲဆိုတော့ ဦဂုဏ်ဘဏ်ဟာ မျက်စိလုံးဝ မမြင်ဘူး။
ကဲ၊ စကားမစပ် ပြောလိုက်ဦးမယ်။ ခုနက ပြောတယ်နော်၊ by the way အင်္ဂလိပ်က ရှင်းတယ်။ ဒီလမ်းကြောင်းကို ဝင်ပြောတာ ရှင်းတယ်။ မြန်မာကတော့ ယဉ်ကျေးမှုအရ အောက်ကျို့တဲ့သဘောလေးနဲ့ ‘သြော်… ဒါနဲ့ စကားမစပ်’ ဆိုပြီး ဝင်ပြောရတာ။ ဆိုတော့ အင်္ဂလိပ် - မြန်မာမှာ အသံလှယ်တာလေး သွားသတိရတယ်။ တချို့အသံလှယ်တာတွေက တိုက်ရိုက် အသံလှယ်ရတယ်။ ဥပမာ ဒီနေ့ကလေးတွေ မစိမ်းပါဘူး။ ကျွန်ပျူတာ ဆိုတဲ့စကားလုံး၊ ကွန်ပျူတာကို တခြားလုပ်နိုင်တဲ့ အင်အားနဲ့အမျှ တခြားစကားလုံး၊ မြန်မာလို ဘာသာပြန်မယ်ဆိုရင် စာအုပ်တစ်အုပ်မက၊ နှစ်အုပ်မက အများကြီး ပြန်ယူရလိမ့်မယ်။ အခု ‘ကွန်ပျူတာ’ဆိုတော့ ရှင်းရောနော်။ အားလုံးသိတယ်၊ ကွန်ပျူတာ။
အဲဒီလိုပဲ၊ နာရီကြည့်တဲ့အခါ မိနစ်၊ စက္ကန့်။ မော်တော်ကားနော် ဒါ အင်္ဂလိပ်စကား တိုက်ရိုက်ယူထားတာ။ ပြီးတော့ ဂီယာဆိုပါစို့၊ ဂီယာကို ‘အလိုကသင့်ဖြစ်စေရန် အရှိန်ပြောင်းလဲပေးသော ရှေ့တိုးနောက်ငင်ပြုလုပ်ရသော ကိရိယာ’ ဆိုရင် ရှုပ်တယ်။ ဂီယာဟာ ဂီယာပဲ၊ ပြီးပြီ။ ဘိုင်စကုပ်၊ ဘိုင်အိုစကုပ်ကနေလာတာ ဘိုင်စကုပ်။ ဒါလည်း တိုက်ရိုက် အသံဖလှယ်တာ။ ဆိုတော့ အဲဒီလို တိုက်ရိုက်အသံဖလှယ်တာတွေ ရှိသလို မြန်မာသံဝဲတဲ့ တိုက်ရိုက်စကားဆိုတာလည်း ရှိတယ်။ မြန်မာမှုပြုလိုက်တဲ့စကား၊ အင်္ဂလိပ်သံတော့ ဝဲသွားတယ်။ မြန်မာလိုတော့ နားချောတယ်။ ဥပမာ ဆာဗဲလ်လင့် - လူဆိုးထိန်း၊ ဆားပုလင်းပေါ့။ မြန်မာတွေ နားချောတယ်။
Deputy ဆိုရင် သပြုသီးဆိုပြီး မြန်မာသံဝဲသွားတယ်။ ရယ်စရာလေးတွေလည်း ရှိသေးတယ်။ ဘောလုံးမှာဆိုရင် ပင်နယ်တီကို ပန္နဲသီးဆိုပြီး စာရေးဆရာကုသက ထွင်တယ်၊ ရေးတယ်။ ရယ်လည်း ရယ်ရတယ်၊ နားလည်း ချောတယ်။ စကားမစပ် ပြောလိုက်ဦးမယ် သိလား။ ဟို ဘကြီးတော်ဘုရား လက်ထက်တုန်းက အင်္ဂလိပ်သံအမတ်တစ်ယောက် အင်းဝနေပြည်တော်ကို ရောက်လာတယ်။
သူ့နာမည် အင်္ဂလိပ်လို မေဂျာဘာနေး၊ ဒါပေမဲ့လို့ မေဂျာဘာနေးကို မြန်မာတွေက မယ်ဇယ်ဘာရဏီလို့ အသံထွက်တယ်။ ဒီလိုပဲ အသံဖလှယ်ပြီး မြန်မာဆန်အောင် လုပ်ထားတာတွေ အများကြီးပဲရှိတယ်။ တစ်ချို့ကျတော့ တိုက်ရိုက် ဘာသာပြန်တယ်။ ဒါလည်း ပညာတစ်ခုပဲ။ ဆိုပါစို့၊ ဖိုတို၊ အင်္ဂလိပ် ဖိုတို (Photo) ကို မြန်မာက ဓာတ်ပုံ၊ ဖိုတိုဆိုတာ အများမျက်စိထဲ မြင်အောင်ပြောရင် ရုပ်ပုံ၊ အရုပ်တစ်ခုပေါ့။ အဲဒီအရုပ်ကို ဓာတ်ပစ္စည်း၊ လောကဓာတ်နည်းနဲ့ ဖန်တီးထားတာဆိုတော့ ဓာတ်ပုံလို့ ပြောလိုက်ကြတယ်။
နောက်တစ်ခါရှိတယ်။ အင်္ဂလိပ်မှာ Film ဖလင်၊ ရုပ်ရှင်။ အရုပ်ကလေးတွေ ငြိမ်နေတာမဟုတ်ဘူး၊ အရှင်လှုပ်ရှားနေတာ။ ဖိုတိုက အရုပ်ကလေးတွေ ငြိမ်နေတယ်။ အရုပ်ကလေးတွေ လှုပ်လာတဲ့အခါကျတော့ ရှင်လာတဲ့အခါကျတော့ ရုပ်ရှင်၊ ဒီလိုခေါ်လိုက်တယ်။ ပြီးတော့ ဘိုင်အိုစကုပ်ကိုကျတော့ တိုက်ရိုက် ဘာသာပြန်လိုက်တယ်။ ဘိုင်စကုပ်လို့ ခေါ်လိုက်တယ်။ မြန်မာမှုပြုတဲ့အခါကျတော့ ရုပ်ရှင်လို့ ပြုလိုက်တယ်။
နောက်တစ်ခါရှိသေးတယ်။ အနီးအနားတင် စက်ဘီး။ ဘိုင်စကယ်ကို စက်ဘီးလို့ ခေါ်လိုက်တယ်။ မြန်မာလို အနီးစပ်ဆုံးဆိုရင် စက်နဲ့သွားတဲ့ ဘီးမို့လို့ စက်ဘီးလို့ခေါ်လိုက်တယ်။ နွားလှည်းက နွားနဲ့သွားတာ၊ ကျွဲလှည်းက ကျွဲနဲ့သွားတာ။ မြင်းလှည်းက မြင်းနဲ့ပေါ့လေ။ သို့သော်လည်း စက်ဘီးကျတော့ လူက စက်နဲ့လှုပ်ပြီး နင်းပြီးသွားရတဲ့အတွက်ကြောင့် စက်ဘီးလို့ခေါ်လိုက်တယ်။
နောက်တစ်ခါ အနီးစပ်ဆုံး ထပ်ပြောရရင် ဒီကနေ့ အားလုံးသိတဲ့ ကိစ္စ ဂလိုဘယ်လိုက်ဇေးရှင်း။ ဂလိုဘယ်လိုက်ဇေးရှင်းကို မြန်မာမှုပြုကြတယ်။ တချို့ကလည်း မပြုကြဘူး။ နားလည်ပြီးသားကိစ္စမို့လို့ ကွန်ပျူတာလိုပဲ ‘ဂလိုဘယ်လိုက်ဇေးရှင်း’ ပဲ တိုက်ရိုက် ပြောတယ်။ တချို့ကျတော့ မြန်မာမှုပြုတယ်။ ပညာရှင်တွေ ပြုကြတာပါ။
အဲဒီ ဂလိုဘယ်လိုက်ဇေးရှင်းကို တချို့က ကမ္ဘာပြုမှု၊ တချို့က ကမ္ဘာပြားသွားပြီလို့ပြောတယ်။ အဲဒီနေရာမှာပဲ စကားမစပ် ပြောလိုက်ချင်တာကတော့ ဒီသုမောင်ကြီးကတော့ ဂလိုဘယ်လိုက်ဇေးရှင်းကြီးကို ‘ချက်ချင်းသိ’ လို့ ဘာသာပြန်ထားတယ်။ ခုထိတော့ သိပ်မတွင်ကျယ်သေးဘူး။ ချက်ချင်းသိ၊ အဖြစ်အပျက်မှန်သမျှ ဖျတ်ခနဲသိ၊ ထပ်ခနဲသိ၊ ချက်ချင်းသိနော်။
အဲ၊ အဲဒီလိုဘာသာပြန်လိုက်တဲ့အထဲမှာ ရယ်စရာလေးတွေ ညှပ်ပြောရဦးမယ်နော်။ စကားမစပ်ပေါ့၊ Cross of Iron ဆိုတာ ဂျိမ်းကိုဘန်းရဲ့ စစ်ကားတစ်ကား။
ပြောချင်တာက ဘာလဲဆိုတော့ သူရဲကောင်းတံဆိပ် ပေးတာ။ သံမဏိ ကြက်ခြေခတ်ကလေးပေါ့။ သူရဲကောင်းတွေကို ဂုဏ်ပြုတဲ့ သူရဲကောင်းတံဆိပ်။ အဲဒါကို ရန်ကုန်လိုနေရာမျိုးနဲ့ မန္တလေးလိုနေရာမျိုးကတော့ Cross of Iron ပဲပေါ့။ ဒါ ဘိုင်စကုပ်ပေါ့လေ။ နယ်က တောကတော့ ဘိုင်စကုပ်ဆိုရင် မောင်းလေးထုပြီး ‘နောင်နောင်နောင်’ နဲ့ အထဲက မင်းသားမင်းသမီးတွေလို အဝတ်အစားဝတ်ပြီးတော့ ဘိုင်စကုပ် ဖြစ်ကြောင်း မြင်းလှည်းနဲ့၊ နွားလှည်းနဲ့ ကြော်ငြာလှည့်ရတာပေါ့။
အဲဒီမှာ ဆိုင်းဘုတ် ဘာတပ်ထားသလဲဆိုတော့ ကျွန်တော် အဲဒီတောဘက်ရောက်တုန်း ဖျတ်ခနဲတွေ့လိုက်တာ Cross of Iron အင်္ဂလိပ်စာတန်း၊ အဲဒီအောက်ကမှ ‘လမ်းဆုံ လမ်းခွ အရမ်းချ’ တဲ့၊ အဲသလို ကြော်ငြာရတာလေ။ ဟာသလေး ဖြစ်သွားတာပေါ့။ အဲဒီလို မြန်မာမှုပြုတာလေးတွေ ရှိတာပေါ့လေ။ ဒီနေရာမှာ ကြားဖြတ်ပြောရဦးမယ်။ စကားမစပ်ပေါ့။ ဒီမြန်မာမှု ပြုတယ်၊ အထူးသဖြင့် မြန်မာတွေက နိုင်ငံခြားအသံထွက်ကို ယူတဲ့အခါမှာ သိပ်ပီတယ်ဆိုတာ သွားတွေ့တယ်။

ကျွန်တော် အနိုင်နိုင်ငံရောက်ဖူးပါတယ်။ အနိုင်နိုင်ငံရောက်ဖူးတော့ အနိုင်နိုင်ငံက လူတွေနဲ့ တွေ့ရတယ်။ စကားပြောရတယ်။ သီချင်းဆိုတာ နားထောင်ဖူးတယ်။ ကိုယ်လည်း ဆိုပြတယ်။ ဒါပေမဲ့လေ သူတို့နိုင်ငံသားတွေ တော်တော်များများက မြန်မာစကား မပီကြဘူး။ အင်္ဂလိပ်စကားလည်း မပီဘူး။ သူတို့ ပင်ကိုအသံထွက်နဲ့ထွက်တယ်။ မြန်မာလူမျိုးတွေက တော်တော်ထူးဆန်းတယ်။ ကုလားလိုပြောလည်း ပီတယ်။ တရုတ်လိုပြောလည်း ပီတယ်။ အခု နောက်ဆုံးပေါ် ကိုရီးယားလိုပြောလည်း ပီတာပဲ။
ပြောလိုက်ဦးမယ် စကားမစပ်။ ကျွန်တော့်သမီးလေးက ကိုရီးယားဘာသာနဲ့ ဘွဲ့ရတာ။ သမီးလေးက အသားကလည်းဖြူတယ်။ နှုတ်ခမ်းကလည်း ထော်တော်တော်။ သူ့ကို ကိုရီးယားမလေးပဲ ထင်နေတယ်။ အဲဒါ ဘာကြောင့်လဲ ဆိုတာကို သုမောင်ကြီးက အငြိမ်မနေဘူး။ လိုက်လေ့လာတာ၊ လေ့လာတော့ ဘာသွားတွေ့လဲဆိုရင် မြန်မာစကား၊ မြန်မာစကားမှာက စကားလုံးတစ်လုံးကို ပြောတဲ့အခါမှာ မယုံရင် ကိုယ့်ဘာသာကိုယ် စမ်းကြည့်လိုက်၊ ဆိုပါစို့ ‘ပြော၊ ပြော’ ပါးစပ်ကလေးကိုပိတ်တယ်။ ပြီးတော့ လေမှုတ်ထုတ်တယ်၊ ပြော ပြော နော်။ ဒါပေမဲ့ အချသံလေးက လျှာရော၊ အာရော၊ သွားရော၊ နှုတ်ခမ်းရော မထိဘူး။ ဟော ကြည့်၊ ထိ၊ လျှာနဲ့ အာနဲ့ ထိ၊ ထ၊ ထိ၊ ထ သံ ထွက်တယ်။
သို့သော် ထိရဲ့အဆုံးကို ကြည့်လိုက်၊ အာနဲ့လျှာနဲ့ မထိတော့ဘူး။ ဆိုပါစို့ အင်္ဂလိပ်အသံမယ် အက်ဆ်ဆိုတဲ့ ဆ သံ၊ မြန်မာက ဆ လည်း စ ပဲ၊ အစလေးသာ ဆ သံလေးထွက်တယ်၊ ဆုံးတော့ အာမထိလျှာမထိ ဆုံးသွားတယ်။ ဒီဟာက သေသေချာချာစဉ်းစားရင် မြန်မာတွေ နိုင်ငံခြားစကားကို ဘာကြောင့် ပီအောင်သုံးနိုင်တယ်၊ ပြောနိုင်တယ်ဆိုတဲ့ အခြေခံကို သွားပြီးတော့မြင်မိတယ်။ အဲ… စကားမစပ် ပြောရဦးမယ်၊ ဒီကနေ့ခေတ်မှာ ကိုရီးယားလည်း သူ့ယဉ်ကျေးမှုနဲ့သူ နယ်ချဲ့တာ၊ နယ်ချဲ့နေတယ်။
ညဆိုရင် မြန်မာပြည်က တိုင်းရင်းသားတွေအကုန်လုံး ညနေခြောက်နာရီထိုးတာနဲ့ တီဗွီရှေ့မှာ ငုတ်တုတ် အကုန်လုံး ထိုင်နေကြရတယ်။ ကိုယ့်ယောက်ျား ထမင်းဟင်း ခူးခပ်ကျွေးရမယ်ဆိုတာတောင် မေ့နေတယ်။ အဲဒါ ယဉ်ကျေးမှုနဲ့ နယ်ချဲ့တာပါ။ ဒီအတွက် အပြစ်ယူနေလို့တော့မရဘူး။ ကိုယ်လည်း တတ်နိုင်ရင် သူတို့ကို နယ်ပြန်ချဲ့ရမယ်နော်။ ကရင်ဒုံးနဲ့ နယ်ပြန်ချဲ့လို့ရတယ်။
ကရင်ဒုံး ‘ဟေး ဟေး’ ဆိုပြီး၊ ဖြောင်းဖြောင်းဖြောင်း ဝါးတွေရိုက်ပြီး ကရင်ဒုံးယိမ်းနဲ့ နယ်ချဲ့ရင် အနောက်နိုင်ငံတွေက လက်ခံကြမှာပဲနော်။ တခြားမကြည့်နဲ့၊ ရက်ပ် Rap၊ ရက်ပ်က ဘယ်မှာ သွားတွေ့ရသလဲဆိုရင် သေသေချာချာ ပြန်နားထောင်ကြည့်၊ ဟိုးရှေးတုန်းက မြန်မာတွေဆိုတဲ့ နတ်ချင်းမှာ သွားတွေ့ရတယ်။
“မရှက်ဘူးလား၊ မကြောက်ဘူးလား၊ သောက်ခါကျူးတဲ့ မင်းညီနောင်၊ ရွှေပြုံးသူရာမောင်၊
ရှက်တတ်ရင် သောက်ပါရိုးလား၊ ကြောက်တတ်ရင် သောက်ပါရိုးလား၊ ပုဆိုးစွန်တောင် သက်တံကွေးတယ်၊ ဘိုးတော်ရဲ့မြေး”
ဒါ ရက်ပ်ပဲ၊ အဲသလို ကိုယ့်ဟာကိုယ် ယူတတ်လို့ရှိရင် ဒါ ကမ္ဘာကျော်အောင် လုပ်လို့ရတယ်။ ဒီကမြန်မာလူမျိုးက ခုနပြောသလိုပေါ့နော်၊ သူများအကြောင်းထဲ ဝင်ပြောရတာတောင်မှ ‘သြော်… ဒါနဲ့ စကားမစပ်’ ဆိုပြီး ရိုရိုကျိုးကျိုး ပြောတတ်ကြတယ်ဆိုတော့ နယ်ချဲ့ဖို့နည်းနည်း ခက်တယ်။
အင်္ဂလိပ်ခေတ်က အင်္ဂလိပ်နည်းနဲ့ပေါ့၊ ဂျပန်ခေတ်ကျတော့လည်း ဂျပန်နည်းနဲ့ပေါ့။ အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ်ကတော့ လက်နက်နဲ့ပေါ့။ ခုခေတ်ကျတော့လည်း ကိုရီးယားက သူ့ ယဉ်ကျေးမှုနည်းနဲ့ပေါ့၊ နယ်ချဲ့ကြတာလေ။ ဆိုတော့ကာ ပြောချင်တာက ဒီကနေ့ခေတ်မှာ ဖြစ်နေတာက၊ ခေတ်စားနေတာက အင်္ဂလိပ်စာနဲ့ အင်္ဂလိပ်စကား။ ဘယ်နိုင်ငံသွားသွား အင်္ဂလိပ်စာ၊ အင်္ဂလိပ်စကားမတတ်လို့မရဘူးဆိုတာ ဖြစ်နေတယ်။ ဖြစ်နေတော့ကာ လူငယ်တွေကလည်း ကြိုးစားကြတယ်။ စောစောက ပြောခဲ့တယ်နော်။ မြန်မာစကား အပီအသပြောနိုင်ရင် နိုင်ငံခြားစကားကို အပီပြောနိုင်တယ်။
ဒီလိုပဲ၊ ကိုယ့်မြန်မာစကားကို ပီပီသသထွက်နိုင်လို့ရှိရင် အင်္ဂလိပ်စကားက လွယ်တယ်။ ဥပမာ တစ်ခုပြောပြမယ်။ ဘာသာပြန်တယ်။ စာရေးဆရာတွေ ဘာသာပြန်ကြတယ်။ နောက် အဆိုတော်တွေ သီချင်းဘာသာပြန်ကြတယ်။ အဲဒီနေရာမှာ ကြည့်နော် ဘာသာပြန်တာ။ အင်္ဂလိပ်က He goes သူ သွားတယ်။ ဒီလိုလုပ်လို့မရဘူး။ မြန်မာလိုလည်း ကျွမ်းရမယ်။ အင်္ဂလိပ်က ရေးထားတယ်။ ‘ခံရတုန်း ငြိမ်ခံနေပြီး မိမိအား နှိပ်စက်သူ ပြန်ထွက်သွားမှ ဝုန်းဒိုင်းကြဲလျက် အိမ်မှာ အော်ကျယ်အော်ကျယ် လုပ်တတ်တဲ့သူ’… အဲဒီလို အင်္ဂလိပ်လို အရှည်ကြီး ရေးထားတယ်။ မြန်မာလို ပြန်ရင် လွယ်လွယ်လေး တစ်ခွန်းတည်းပဲ။ ‘သူခိုးပြေးမှ ထိုးကွင်းထ’ အဲဒါပဲ။ အဲဒါ ဘာသာပြန်ပဲ၊ ဒီ့ထက် ထိုရောက်တဲ့ ဘာသာပြန် မရှိဘူး။
အင်္ဂလိပ်စာကို ကျွမ်းသလို မြန်မာစာကိုလည်း ကျွမ်းမှ ဘာသာပြန်လို့ရမယ်။ ဒါက စကားမစပ်ကလေး ပြောတာ။ ဆိုတော့ စောစောကပြောတဲ့ အာ၊ လျှာ၊ သွား၊ နှာခေါင်း၊ နှုတ်ခမ်း၊ လည်ပင်း၊ ရင်ဘတ်စသဖြင့် အစုံထွက်တဲ့ မြန်မာစကားကို ပီအောင် လုပ်နိုင်ရင် အင်္ဂလိပ်စကားမှာ ပိုပြီးတော့ အသံထွက် ပီလာမယ်ဆိုတာကို ဒီသုမောင်ကြီးက အာမခံတယ်။ သေချာတယ်။ ဒါက သားတို့၊ သမီးတို့ စတဲ့ လူငယ်တွေကို ပြောချင်တာ။ ဒီစကားတွေလည်း ဆက်ပြောလာလို့ရှိရင် လူငယ်တွေအတွက်ပဲ ဖြစ်ဖို့ များတယ်။

လူငယ်တွေကိုဦးသုမောင်ကချစ်တယ်။ ကြောက်တယ်။ အေးရိုသေလို့တော့ မရဘူးဗျား။ ကျုပ်တို့လူမျိုးကလေလူငယ်ကိုရိုသေခွင့်မပေးဘူး။ ဘုန်းကြီးဝတ်တာကလွဲရင်ပေါ့။ လူငယ်ကိုအထက်စီးနဲ့ပဲပြောရမယ်။ ဒါကယဉ်ကျေးမှုတစ်ခုဖြစ်နေတယ်။ အမှန်ကတော့ လူငယ်တွေကိုရိုသေနိုင်ရင်တောင် ပိုကောင်းတယ်လို့ သိလား။
ဆိုတော့ကာလူငယ်တွေကိုရှေ့လျှောက်ပြောမယ့်အထဲမှာဘာပါလာသလဲဆိုရင် ဆိုပါစို့၊ ခုနကပြောတဲ့ အင်္ဂလိပ်စကား၊ အင်္ဂလိပ်စကားကိုကမ္ဘာသုံး၊ ကမ္ဘာပြုမှုမှာအသုံးချတဲ့အခါမှာကိုယ်ကဘယ်လောက်အထိ ကျွမ်းရမလဲဆိုတော့ မြန်မာစာ မြန်မာစကားကို ကျွမ်းရမယ်။ ကျွမ်းရမယ့်အပြင် စကားကအစကလေးထွက်လာပြီ၊ ဒါလည်းစကားမစပ်ပဲပေါ့လေ။
ဒီနေ့ကလေးတွေ ကျွန်တော် သတိထားကြည့်မိတယ်။ အသံထွက် ကစ္စ။ ကိုယ့်အိမ်ကသားသမီးတွေလည်းပါတယ်။ သားသမီးတွေဆိုတော့ ဟိုကောင်မလေး၊ ကိုရီးယားမလေးတော့ မပါဘူး။ သူက မြန်မာလိုတော်တော်ပီတဲ့ကောင်မ။ အဲ… အကြီးမအပါအဝင် အကုန်လုံးကတော့လေ၊ ဆိုပါစို့ ကကြီးရေပသတ် ‘ကပ်’ ကို ‘ကတ်’လို့ ထွက်တယ်။ အဲသလိုလွဲတာတွေ တွေ့ရတယ်။ ဒါဟာနောင်အစဉ်အလာမှာမကောင်းဘူးနော်၊ မကောင်းဘူး။
ဒီလိုပြောတဲ့အတွက်ကြောင့် မြန်မာစကားယိမ်းသွားနိုင်တယ်။ ယိမ်းသွားလို့ရှိရင် စောစောကပြောတဲ့ နိုင်ငံခြားစကား မြန်မာမှုပြုတဲ့အခါ လွဲသွားနိုင်တယ်။ ကပ်ကိုကတ် ထွက်တယ်။ နောက်တစ်ခါ စာစကားအသံနဲ့ စကားပြောကြတယ်။ ခေတ်စားတာလား၊ ဘာလားတော့ မသိဘူးပေါ့လေ။ လာခဲ့၊ လာဂဲ့၊ ဂဲ့သံထွက်ရမှာကိုလာခဲ့လို့ အသံထွက်တယ်။ ‘လှေကားပေါ်ကဆင်းလာဂဲ့’ တဲ့၊ အသံထွက်တယ်။ မင်းသမီးတွေ၊ ရုပ်ရှင်မင်းသမီးတွေလည်းပါတယ်နော်။ အဆိုတော်တွေလည်းပါတယ်။ ‘လှေခါးပေါ်ကဆင်းလာခဲ့’ အဲသလိုထွက်တယ်။
ဒါကတစ်ချိန်မှာ တော်တော်ကြောက်စရာကောင်းတဲ့ မြန်မာမှုပြုတဲ့ကိစ္စ။ ဒါပေမဲ့ တစ်ခုတော့ ရှိတယ်။
ဦးသုမောင်ကြီးကလေတစ်ဖက်သတ် အပြစ်မတင်တတ်ဘူး။ နှစ်ဘက်ကြည့်တယ်။ ဟောရှိပြန်ရော မြန်ဂလိရှ်လား၊ ဘားဂလိရှ်လားပဲ။ အင်တာနက်မှာတစ်ယောက်နဲ့တစ်ယောက် စာပေးစာယူလုပ်တဲ့အခါကျတော့ စာလုံးကအင်္ဂလိပ်လိုပဲရှိတဲ့ဟာကိုအင်တာနက်ထဲမှာ မြန်မာစာလုံးကမပေါ်သေးဘူးဆိုတော့ သူတို့ တစ်ယောက်နဲ့တစ်ယောက် မြန်မာလိုရိုက်ပြီးအားရပါးရပြောချင်တဲ့အခါကျတော့ ဟိုမှာလည်းစာရိုက်ရတာအင်္ဂလိပ်လို။ တစ်ခါ အင်္ဂလိပ်လိုကလည်းမကျွမ်းတော့ ဟောသူတို့ဘာသာသူတို့ဦးနှောက်နဲ့ သူတို့ တီထွင်လိုက်တယ်။ လာဆိုရင် larဆိုပြီး မြန်မာအသံထွက်အတိုင်းအင်္ဂလိပ်လိုရိုက်တာပေါ့၊ ဒါတော့ ဦးသုမောင်ကချီးကျူးပြန်ရောဗျာ။
ဟုတ်တယ်၊ ဒီလိုတီထွင်မှပဲဂလိုဘယ်လိုက်ဇေးရှင်းထဲဝင်မှာကိုး။ ချက်ချင်းသိအောင် လုပ်ရမယ်လေ။ အင်္ဂလိပ်လိုရိုက်နေလို့ရှိရင် ကိုယ်ကဘယ်လောက်ကျွမ်းကျွမ်းဟိုကဖတ်တဲ့သူနားမလည်ရင် ဒုက္ခရောက်မှာကိုး။ ဆိုတော့ကာ မြန်မာအသံကိုပဲအင်္ဂလိပ်အသံထွက်နဲ့ ထပ်တူပြုတာ၊ အဲဒါကျတော့ လက်ခံတယ်။
အဲ… စကားမစပ် ပြောရဦးမယ် သိလား၊ ခုနပြောတဲ့ ဘာသာပြန် ကိစ္စ။ ဘာလေးတစ်ခုသွားတွေ့လဲဆိုတော့ ဗဟုသုတလည်းရနိုင်ပါတယ်။ မြန်မာစကားတော်တော်များများကပါဠိကနေလာတာနော်။ ဆိုပါစို့ မေတ္တာ၊ အဲဒါလေးကလေအဆိုတော်တွေ တော်တော်မှားကြတယ် သိလား။ မေတ္တာမှာ မြစ်ကိုယရစ်သံနဲ့ ထွက်ကြတယ်။ အမှန်ကဘုန်းကြီး၊ စာတတ်ပေတတ် ပုဂ္ဂိုလ်တွေ အသံထွက်ရင် နားထောင်ကြည့်။ မေတ္တာ-မစ်တာ၊ ယရစ်သံမပါဘူး။ မစ်တာပဲထွက်တယ်။ ဒါပေမဲ့ ကိစ္စတော့ မရှိပါဘူး။ အားလုံးက မြစ်တာဖြစ်နေတော့ ‘မြစ်တာ’ ပဲပေါ့။
မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုတဲ့ ဗြဟ္မစိုရ်တရားစကားလုံးလေးလုံးကလည်း ပါဠိက ဆင်းသက်လာပေမယ့် မြန်မာစကားဖြစ်နေတယ်။ ဆင်းသက်လာတာရှိသေးတယ် သစ္စာ။ ဒါလည်းပါဠိစကားပဲ။ နောက်တစ်ခါ မင်္ဂလာ၊ မင်္ဂလဆိုတဲ့ ပါဠိကနေဆင်းသက်လာတာပါ။ ဟော… အဲဒီကနေတစ်ဆင့်ထပ်ပြီးတော့ကြည့်ရင် ပါဠိကနေ မြန်မာ၊ မြန်မာကနေအင်္ဂလိပ်၊ အဲဒီလိုလည်နေတာကိုအင်္ဂလိပ်၊ ပါဠိ၊ ပြင်သစ်၊ လက်တင် စတာတွေမှာသွားပြီးချိတ်မိနေတာကိုပါ သွားတွေ့ရတယ်။
ဒီဟာလေးကိုလေသေသေချာချာလေ့လာမယ်။ သေသေချာချာလေ့လာမယ်ဆိုလို့ စာအုပ်စာတမ်းကြီးတွေ လှန်နေစရာမလိုပါဘူးဗျာနော်။ ပြောရင်းဆိုရင်းဖျတ်ခနဲဖျတ်ခနဲဓတ်ပုံရိုက်သလိုတွေ့လာတာတွေ ရှိပါတယ်။ ဥပမာတစ်ခုပြောပြမယ်။ ကျွန်တော်တို့ အမေကိုအမေလို့၊ မေမေလို့ ခေါ်တယ်၊ မိခင်လို့သုံးတယ်။ အင်္ဂလိပ်မှာကြည့်… မားသား..၊ မန်း (Mum) ဆိုပြီးသုံးတယ်။ မန်းဘာညာဆိုတာတော့ အမေရိကန် ဝဲတာပေါ့လေ။ တိတိကျကျကတော့ မားသားလို့ အသံထွက် သုံးပါတယ်။ ကောင်းပြီ၊ အဲဒီမားသား၊ ပါဠိမှာရှာကြည့် ခင်ဗျားတို့ တွေ့တယ်ဗျား၊ တွေ့တယ်။ မာတာတဲ့၊ မာတာနဲ့ မားသားသွားတူတာတွေ့မယ်။
ဒီလိုဆိုကတ်သီးကတ်သတ် ပြောကြကြေးဆိုရင် ပါဠိကမာတာတာ၊ တ သံထွက်တာပဲ။ အင်္ဂလိပ်ကသာ၊ သ သံထွက်တာပဲ။ တနဲ့ သနဲ့ မကွားဘူးလား။ ဟောဗျာ… မြန်မာမှာရှိပါတယ်ဗျ။ အောက်အရပ်ကတသံတွေကိုအထက်အရပ်မှာစသံသုံးတယ်။ ရှိသေးတယ်။ ဆိုပါစို့။ အညာကျေးလက်ပိုင်းတွေမှာဆိုရင်ပေါ့။ အထူးသဖြင့် မြင်းခြံတို့၊ ပုခုက္ကူတို့ဘက်မှာဆိုရင် ရေတွင်းကိုရေသွင်းလို့ ထွက်တယ်။ တသံထွက်တာတွေကိုလည်းသသံထွက်တယ်ပေါ့လေ။
ထူးထူးခြားခြားရှိသေးတယ်ဗျ။ class အခန်း၊ အတန်း၊ အဆင့်အတန်း၊ လူစု၊ လူတွေစုစည်းတာ one class ဆိုတာရှိတယ်။ ဟောရှာကြည့်။ အဲဒါ ပါဠိမှာရှိတယ်ဗျ၊ ကလာပ်စည်းတဲ့။ ကြည့်နော် ကလာပ်စည်းတဲ့။ အင်္ဂလိပ်စကား class နဲ့ သွားတူနေတယ်။ အဲဒီလိုသာရှာမယ်ဆိုရင် ပါဠိနဲ့ အင်္ဂလိပ်ဟာလည်းတစ်ချိန်တုန်းကအရောရောအယှက်ယှက် ရှိနေတယ်ဆိုတဲ့ ဗဟုသုတသေးသေးလေးကိုရနိုင်ပါတယ်။
ဒီကနေ့လူငယ်တွေဟာစာကျက်ရင်းနားကြပ်ကလေးနဲ့ သီချင်းနားထောင်နေတာဗျ။ စည်းချက်ဝါးချက်ကလေးလိုက်နေပေမယ့် သင်္ချာတွက်ချင်တွက်နေတာဗျ။ သဘောကတော့လေ၊ ပညာရှာရင်းနဲ့ ပျော်စရာကောင်းတဲ့ စိတ်ခံစားမှု Emotion ပေါ့နော်၊ လုပ်တတ်ကြဖို့လိုတယ်။ ဆိုတော့ စောစောကပြောတဲ့ မာသာ-မာတာ၊ ကလပ်-ကလာပ်စည်းဆိုတာတွေကို အပျော်သဘောရှာကြည့်ရင်းနဲ့ ပညာရအောင်ယူနိုင်ရင် အများကြီးအကျိုးရှိမယ်လို့ ထင်တယ်လေ။
ဒီတစ်ပတ်တော့ ဒီလောက်ပဲကောင်းမယ်ထင်တယ်။ ရှေ့အပတ် ဆက်ပြီးတော့ ‘သြော်… ဒါနဲ့စကားမစပ်’ ဆိုတာလေးကို ပြောကြည့်ကြသေးတာပေါ့။

                                           ******

လူငယ်တွေကို လုံးဝလျှော့မတွက်နဲ့

သြော်… ဒါနဲ့စကားမစပ်၊ အဲ လူဆိုတာကလေ၊ ဦးသုမောင်ကြီးတို့လို မိုက်ကရိုဖုန်းဖက်ပြီး မွေးလာတဲ့တိုင်အောင် မိုက်ကရိုဖုန်းရှေ့ရောက်တာနဲ့ စကားက များချင်ကြတယ်။ ဥပမာပေါ့၊ လမ်းဘေးမှာ အလှူခံ၊ မိုက်ကရိုဖုန်းတစ်လုံးနဲ့၊ သေသေချာချာ သတိထားကြည့်၊ နောက်ကလူက ပြောမယ်၊ ရှေ့လူက ပြောမယ်နဲ့ မိုက်ကရိုဖုန်းကို လုတာဗျာ။ လင်မယားနှစ်ယောက်၊ လင်ကပြောမယ်၊ မယားကပြောမယ်နဲ့ လုနေကြတာဗျား။ ထမင်း ထ မစားရဲဘူး။ မိုက်ကရိုဖုန်း သူများလက် ပါသွားမှာစိုးလို့။ အဲသလိုဖြစ်တတ်တာ။ သုမောင်ကြီးလည်း အဲဒီလို ဖြစ်တာပဲ။

ဘယ်မှာ သွားတွေ့သလဲဆိုတော့ ပြီးခဲ့တဲ့အပတ်က ပြောခဲ့တဲ့စကားတွေမှာ ကိုယ်တစ်ဦးတည်း လုပြောတဲ့အကြောင်းတွေ၊ အသံတွေ သွားတွေ့တယ်။ အမှန်က သောတရှင် ပရိသတ်အများကြီးကို ဒီ ၁၅ မိနစ်လောက် အချိန်ကလေးအတွင်းမှာ လိုရင်းရောက်အောင် ပြောရမှာ။ ပြောချင်တာတွေ များနေတယ်။ စကားတွေက ဟိုရောက်ဒီရောက်နဲ့၊ လူလည်ကျတယ် အပြောခံရတာပေါ့။

သြော်… ဒါနဲ့စကားမစပ် စကားတွေက ဟိုရောက်လိုက် ဒီရောက်လိုက်နဲ့ပေါ့။ နောက်နောင်ဆက်ပြောရင် အကြောင်းအရာတစ်ခုကို ကျစ်ကျစ်လျစ်လျစ်နဲ့ သိပ်သိပ်သည်းသည်းပြောဖို့ ကြိုးစားပါမယ်။ ဒါကို ကြိုတင်ပြီးတော့ ဝန်ခံပါတယ်။ အခု ပထမဦးဆုံးအကြိမ်မှာတော့ မိုက်ကရိုဖုန်းရှေ့ရောက်ရင် ပြောချင်တာတွေက များသွားတာလည်းပါတယ်။ မိုက်ကရိုဖုန်းရှေ့ ရောက်သွားတဲ့အတွက်ကြောင့် ပရိသတ်ကို ထိတ်လန့်တာ၊ မိုက်ကရိုဖုန်း ကြောက်လန့်တာပေါ့။ အဲဒါလည်းပါတယ်။

နောက်တစ်ချက်က ပထမဦးဆုံး စပြောတဲ့ကဏ္ဍဆိုတော့ နိဒါန်းသွယ်ရမယ်။ ရှေ့လျှောက် ဘာလေးပြောရင် ကောင်းမလဲဆိုတာ နိဒါန်းသွယ်ရမယ်။ ပြန်နားထောင်တဲ့အခါကျတော့ ဘာနဲ့ သွားတူသလဲဆိုရင် လူငယ်တွေနဲ့ ပရိသတ်ကို ပြောချင်လွန်းအားကြီးတယ်ဆိုတဲ့ အချက်ကို သွားတွေ့တယ်။

ကျွန်တော်က ပြီးခဲ့တဲ့အပတ်က ပြောခဲ့တယ်။ လူငယ်တွေကို ချစ်တယ်၊ ကြောက်တယ်။ ဒါပေမဲ့ ယဉ်ကျေးမှုအရ ရိုသေလို့မရဘူး။ ဒါပေမဲ့ လူငယ်တွေကို လေးစားရမယ်။ ဒီနေရာမှာ လူကြီးသူမတစ်ယောက်လုပ်နေတဲ့ ဦးသုမောင် လူငယ်ကို ဘာလို့ကြောက်ရတာလဲ၊ ဒါကို ပြန်စဉ်းစားလို့ရှိရင် အသားလွတ်ကြောက်တာ မဟုတ်ဘူး။ လူငယ်တွေရဲ့ ဖျတ်ခနဲ ဖျတ်ခနဲ ပေါ်လာတဲ့ လူငယ်တွေရဲ့ စရိုက်သဘာဝကို လူကြီးတွေအဖို့ တော်တော် ထိတ်လန့် ကြောက်ရွံ့စရာကောင်းတဲ့ အချက်ရှိတယ်။

ဥပမာ- ရှင်းရှင်းလေးတစ်ခု ပြောပြမယ်။ ကိုယ်ကသာ လူငယ်တွေ ကောင်းပါစေ၊ လူငယ်တွေအတွက် ဆိုပြီးတော့ မသိမသာ ဆရာလုပ်တာ ပေါ့လေ။ ဆရာလုပ်တာရှိပေမယ်လို့ လူငယ်တွေ တစ်ချက်တစ်ချက် ပြန်ထောက်တဲ့ကိစ္စ၊ သိပ်ကောင်းတယ်ဗျ။

ဥပမာ ရှင်းရှင်းလေးတစ်ခုပဲ ပြောပြမယ်။ ဟိုးတစ်လောက နာဂစ်ဖြစ်တဲ့ ကျွန်တော်တို့အိမ်က အိမ်အမိုး ကျောက်ပြားတွေ သစ်ကိုင်း ကျိုးကျပြီး ပဲ့ကြွေကုန်တယ်။ သွပ်ပြားတွေက လွင့်စဉ်ထွက်ကုန်ပေမယ့် ပြီးတော့ ပြန်ကောက်လို့ရတယ်၊ ပြန်မိုးလို့ရတယ်ဆိုပေမယ့် ကျောက်ပြားအမိုးတွေက မရတော့ဘူးလေ။

နောက်တစ်ခါ အိမ်ရှေ့က လက်တစ်ဖက်သာသာရှိတဲ့ မန်ကျည်းပင်ကြီးက ကျွတ်ထွက်ပြီးတော့ ခြံစည်းရိုးပေါ် လဲကျတယ်။ လဲကျပြီးတော့ အိမ်ကကားလည်း အပြင်ထွက်လို့မရ၊ ကားတင်မကပါဘူး၊ လူတွေလည်း အပြင်ထွက်လို့ မရတော့ပါဘူး။ နောက် တစ်ဖက်ရပ်ကွက်က ကားတွေလည်း ထွက်လို့မရတော့ဘူး။ ပိတ်ဆို့ကုန်တယ်။ အဲဒီတော့ ဘာလုပ်ရသလဲဆိုရင် ဒီမန်ကျည်းပင်ပိုင်ရှင်က ကိုသုမောင်ကိုး၊ တာဝန်အရှိဆုံးပေါ့။ သူဘာသာသူ လေတိုက်လို့ပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် သစ်ပင်ပိုင်ရှင်ကိုသုမောင်မှာ တာဝန်ရှိနေတယ်။ အိမ်မှာကလည်း ယောက်ျားသားဆိုလို့ ကိုသုမောင်တစ်ယောက်ပဲ ရှိတာ။ သားတွေကလည်း အလုပ်နဲ့အကိုင်နဲ့ အပြင်သွားနေကြတဲ့အချိန်ဆိုတော့ ရပ်ကွက်ကို အရပ်ကူပါ လူဝိုင်းပါ ဆိုပြီး အကူအညီတောင်းရတယ်။

အကူအညီတောင်းတော့ ရပ်ကွက်က လူငယ် အများစု ထွက်လာတယ်။ ဝိုင်းကူကြတယ်။ ချက်ချင်းပဲ သစ်ပင်ကို ဖြတ်တောက်၊ လမ်းကို ရှင်းကြ၊ ဖယ်ကြနဲ့ လူကြီးတွေလည်း ပါကြတယ်။ လူငယ်တွေကတော့ ဉာဏ်စွမ်းအားရော၊ ကိုယ်စွမ်းအားရော ရှိတယ်ဆိုတော့ သူတို့ ဝိုင်းကူတဲ့အတွက် အကကျိုးရှိတယ်ပေါ့။ အဲဒီလို ဖြစ်တဲ့အခါမှာ သြော်… ဒီလူငယ်လေးတွေဟာ အရင်တွေ့နေကျ လက်ဖက်ရည်ဆိုင်မှာ တွေ့တယ်၊ ဘီယာဆိုင်မှာ တွေ့တယ်ပေါ့။ ပေါ့ပေါ့ပဲ သဘောထားလိုက်မိတယ်။

ဒီလို နာဂစ်ဖြစ်လိုက်တဲ့အခါကျတော့ ဒီလူငယ်တွေရဲ့ စိတ်ဓာတ်ဟာ တကယ့်မြန်မာ့စိတ်ဓာတ်ပေါ်လာတယ်။ ဝိုင်းကူကြတယ်။ ဒါလေးကို ကျွန်တော်က ဆောင်းပါးတစ်ပုဒ်ရေးပြီး ဂုဏ်ပြုတယ်။ ကျွန်တော်မှ မဟုတ်ပါဘူး။ စာရေးဆရာတွေ တော်တော်များများ နာဂစ်နဲ့ပတ်သက်ပြီး ရေးကြတဲ့အခါ လူငယ်တွေအကြောင်း ရေးကြတာများတယ်။ လူငယ်တွေ တော်လိုက်ကြတာ၊ ဒီလိုချီးကျူးတာ။ အခု ကျွန်တော်ပြန်ပြောပြနေတဲ့ အခြေအနေနဲ့တင် လူငယ်တွေ တော်ကြတယ်။ မုန်တိုင်းကျပြီ၊ အရေးကြုံပြီဆိုတော့ လူငယ်တွေ ဝိုင်းဝန်းကြတယ်။ ကျွန်တော်တို့က ဆောင်းပါးနဲ့ ဂုဏ်ပြုရတယ်။ မှန်ပါတယ်၊ ဒါ ဂုဏ်ပြုရမယ့်ကိစ္စ၊ လူငယ်တွေဘက်က လုပ်တာမှန်သလို လူကြီးတွေကက ဂုဏ်ပြုရတာလည်း မှန်ပါတယ်။

သို့သော် လောကကြီးမှာ တွေးထောင့်၊ တွေးတဲ့ထောင့် သိပ်အရေးကြီးတယ်။ အဲ… ခုနကပြောတဲ့ ဥပမာနဲ့ပြောရရင် ကျွန်တော့်ခြံ သစ်ပင်ရှင်းတာ၊ ကျောက်ပြားအမိုးတွေ ဝိုင်းဝန်းဖာထေးပေးတာ စသဖြင့် လူငယ်တွေက ကူညီကြလို့ ကျွန်တော်က ချီးမွမ်းတဲ့ဆောင်းပါးတစ်ပုဒ် ရေးလိုက်တယ်။ ရေးလိုက်တော့ နံပါတ်တစ် ရက်စပွန်း (Respond) တုံ့ပြန်မှုက ဘာလဲဆိုရင် သူတို့အနေနဲ့ ဝမ်းသာကြတယ်။ သူတို့အကြောင်းလေး ကောင်းတာရေးလို့တဲ့၊ ဒီဂျာနယ်လေးတကိုင်ကိုင်နဲ့ လျှောက်ကြွားတယ်။ ‘တို့အကြောင်းပါတယ်၊ တို့အကြောင်းပါတယ်’။ ဒါက သမားရိုးကျတွေးတဲ့ အတွေးထောင့်က တွေးတဲ့လူငယ်။

နောက်တစ်မျိုးကျတော့ သနားစရာလည်း ကောင်းတယ်၊ အဲ ဦးသုမောင်ကြီးကလေတဲ့ အဲဒီသစ်ပင်ကြီးဖြတ်ဖို့ လွှစက်မှ နိုင်မယ်ဆိုလို့ လွှစက်သွားငှားတာ သမီးသူငယ်ချင်းကားနဲ့ သွားငှားတာတဲ့၊ သူ့အကြောင်းတော့ ဘာလို့ ထည့်မရေးတာတုံးတဲ့။ ဟောကြည့်၊ ဘယ်လောက် ချစ်စရာကောင်းလဲလို့။ ဒီဆောင်းပါးထဲမှာ သူလည်း ပါချင်တာကိုး။

နောက်တစ်ယောက်ကတော့ မျက်စိထဲမြင်အောင် ပြောရဦးမယ်ဗျ။ အဲဒီတစ်ယောက်က နားသန်သီးနဲ့၊ အင်္ကျီမှာလည်း ချိန်းကြိုးနဲ့၊ လက်မှာလည်း လက်ကောက်နဲ့ဗျ။ ဟန်းဖုန်းတိုးလိုးတန်းလန်းနဲ့။ အဲဒီလူငယ်လေးတစ်ယောက်က အဲဒီဆောင်းပါး ပါပြီးတဲ့ရက်က လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ ဆုံတယ်။ ဆုံတော့ သူက -

“ဘဘ၊ စကားနည်းနည်း ပြောလို့ရမလား”တဲ့။
“ရပါတယ်ကွာ၊ ပြောပါကွာ” လို့ဆိုတော့ -
“ဘဘဆောင်းပါးလေး ဖတ်ပြီးပြီ၊ ကောင်းတယ်”တဲ့။
“အေး၊ ကောင်းတယ်ဆိုတော့ ဝမ်းသာတာပေါ့ကွာ”
လို့။ သူက ဘာထောက်ပြန်သလဲဆိုတော့ -
“ဘဘရယ်” တဲ့။
“ဘဘ သတိမထားမိလို့ပါ၊ နာဂစ်မုန်တိုင်းကျမှ ကျွန်တော် ကူညီတာမဟုတ်ပါဘူး။ နာဂစ်ရယ် ဘာရယ် မရှိခင်ကတည်းက ဘဘတိုခြံမှာ အကူအညီလိုအပ်ရင် ကျွန်တော် ကူညီနေကျပါ” တဲ့။
 ဟာ၊ ထိတယ်။ ကျွန်တော် မစဉ်းစားတဲ့ထောင့်ကနေ သူ ပြောသွားတာ။ ဟုတ်တယ်၊ သူ့ကို သတိထားကြည့်လိုက်တော့ အဖိတ်နေ့လို နေ့မျိုးဆိုရင် ဝတ်ဖြူစင်ကြယ်နဲ့ ဒီနားသန်သီးတွေဖြုတ်ပြီး ဆွမ်းဆန်စိမ်း အလှူခံလိုက်ခံနေတဲ့ သူငယ်ကိုးဗျ။ ကြည့်နော် သူ့မှာ လူမှုရေးစိတ်ဓာတ် အမြဲတမ်းရှိတယ်။ နာဂစ်ပေါ်လာမှ ရှိတာမဟုတ်ဘူး။ ဒီတွေးထောင့်လေးကို ကျွန်တော် မတွေးမိဘူး။ အမှန်တော့ ဒါဟာ ကတ်သီးကတ်သတ် ဂုဏ်ယူတဲ့ကိစ္စမျိုးမဟုတ်ပါဘူး။ စိတ်ရင်းကတော့ ဒီအတိုင်းပါပဲ။ လူငယ်တိုင်း အားလုံး ဒီလို ဖြစ်ချင်မှ ဖြစ်မယ်လေ။ အဲ ဒီလူငယ်တွေလည်း ရှိပါလားဆိုတာ ကျွန်တော်တို့ စာရေးဆရာတွေဟာ သတိထားရမယ်ဆိုတာ ကျွန်တော် သိသွားတယ်။ ဒါလေး ပြောချင်တာပါ၊ ဒါကြောင့် လူငယ်တွေကို ကြောက်တယ်လို့ ပြောတာ။

နောက်တစ်ချက်က ဒီနေ့ ပြောပြောနေတဲ့ ဂျင်နရေးရှင်းဂက်ပ် (Generation Gap) မျိုးဆက်ကွာဟမှု၊ အဲဒါ လူငယ်နဲ့ လူကြီးပြဿနာလို့ ကမ္ဘာမှာ ခေါင်းပေါ်တင်ထားရတဲ့ကိစ္စ။ ဟုတ်လည်းဟုတ်တယ်၊ ဒုတိယ ကမ္ဘာစစ်အပြီးမှာ X Generation ပေါ်လာဖူးတယ်။ နောက်အနှစ် ၂၀-၃၀ မှာ Y Generation ပေါ်လာတယ်။ Y Generation နဲ့ ကပ်ပြီးတော့ Z Generation ဆိုတာ ထပ်ပေါ်လာတယ်။

Generation ကွာဟချက်၊ အဓိက ကတော့လေ အသက်ပေါ့။ အသက်ကွာဟချက်ကြောင့် လူငယ်နဲ့ လူကြီးဟာ တဖြည်းဖြည်း အဟ ကွာလာတယ်လို့ ပြောတယ်။ ကျွန်တော်ကတော့ လူငယ်တွေကို ချစ်တဲ့သူ၊ လူငယ်တွေကို ကြောက်တဲ့သူဆိုတော့ အဲဒီကွာဟချက် သိပ်မရှိဘူးလို့ မြင်တယ်။

ဘာကြောင့်လဲဆိုတော့ တစ်ခါကဗျ၊ ကျွန်တော် မြို့ထဲသွားတယ်။ မီးပွိုင့်မှာ မီးနီပြီး ကားတွေ ရပ်စောင့်ရတယ်။ အဲဒီအချိန်မှာ ဘေးက ဆလွန်းကားလေးတစ်စီးမှာ တရုတ်ကပြားတွေပဲ၊ လင်မယားနှစ်ယောက် ကလေးလေးနဲ့။ ကလေးလေးက တစ်နှစ်ခွဲ၊ နှစ်နှစ်လောက်ပဲ ရှိဦးမယ်။ အဲဒါ သူလေးက ကားထဲကနေလှမ်းပြီးတော့ ‘အေအေအီး၊ အေအေအီး’ ဆိုပြီး အော်နေတယ်။

ကျွန်တော်က ဖျတ်ဆိုကြည့်လိုက်ပြီး ကလေးလေးက ကျွန်တော့်ကို လက်ညှိုးထိုးပြီး ‘အေ အေ အီး၊ အေအေအီး’ ဆိုပြီး မပီကလာပီကလာနဲ့ ပြောတယ်။ ကျွန်တော်က ဟေ့… ဘာတုံးဆိုပြီး မေးတော့။ ‘သြော်တဲ့ မဟုတ်ဘူး။ ဖေဖေကြီး၊ ဖေဖေကြီး’ ဆိုပြီး သီချင်းလုပ်ဆိုနေတာလို့ သူတို့က ပြောတယ်။
အဲဒီမှာ ကျွန်တော် သွားတွေးမိတယ်။ ဒီကလေးနဲ့ ကျွန်တော်ဟာ X Generation ကနေ Y Generation အထိ တန်းကူးသွားပါလားလို့ တွေးမိတယ်။ အဘိုးအရွယ်နဲ့ မြေးအရွယ် ဆက်သွယ်မှုပေါ့လေ။ ကျွန်တော်က ချိုပြုံးနဲ့ ‘ဖေဖေ မေမေ ချစ်လား’ ဆိုတဲ့ ဗီစီဒီ တစ်ခွေထုတ်ဖူးတော့ ဒီကလေး ညအိပ်ရာဝင်ခါနီး ‘ဖေဖေကြီးကို ချစ်တယ်’ ဆိုတဲ့ သီချင်း နားထောင်ပြီးမှ အိပ်ပုံရတယ်။ ဒီမှာ အခွေထဲက ကျွန်တော့်ပုံကို ဒီကလေး မြင်ဖူးထားပုံရတယ်။ ဒီတော့ ကျွန်တော့်ကိုမြင်ပြီး ‘အေအေအီး အေအေအီး’ ဆိုပြီး သီချင်းဆိုတာ ဖြစ်လိမ့်မယ်။

သြော် ဒါကြောင့်မို့လို့ ဒီအဘိုးအရွယ်နဲ့ မြေးအရွယ် Generation သိပ်မကွာလှပါလားဆိုတာ သွားတွေ့ရတယ်။ ကျွန်တော်တို့မြန်မာလူမျိုးက တော်တော်ခက်တယ်ဗျ။ အသက် ၅၀ ကျော်လာတာနဲ့ သူ့ကိုယ်သူ အသုံးမကျတော့တဲ့ အဘိုးကြီးဖြစ်ပြီ၊ အဘွားကြီးဖြစ်ပြီဆိုပြီး သဘောထားနေကြတာ။
အနောက်နိုင်ငံတွေမှာ အသက် ၆၀ လောက်အထိ ဟာ Happy ပဲ။ လူငယ်တွေနဲ့ ပေါင်းပြီး သူတို့အသက်ကို သူတို့ သိပ် ဂရုစိုက်ကြတာ မဟုတ်ဘူး။ ကျွန်တော်တို့ မြန်မာလူမျိုးကတော့ ၅၀ ကျော်တာနဲ့ ဘုရားရိပ်၊ တရားရိပ်ဆိုပြီး လုပ်ချင်ကြတာ။ စကားပုံတောင်ရှိတာပဲ၊ မြန်မာအို ကျောင်းကြို ကျောင်းကြား၊ ကရင်အို ချောင်းကြို ချောင်းကြား တဲ့။ ကိုယ့်ကိုယ်ကိုယ် တစ်ခါတည်း သိမ်ငယ်ပစ်လိုက်တယ်။

ကြည့်နော်၊ ကျွန်တော် စောစောကပြောသလို ကိုယ့်မြေးအရွယ် ကလေးက ကျွန်တော့်ကိုမြင်ပြီး အေအေအီး အေအေအီးဆိုပြီး နှုတ်ဆက်သွားတာ၊ ကျွန်တော်တော့ အားတက်သွားတယ်။ သဘောရိုးရိုးပြောရရင် ငါ့ ပရိသတ်ရှိသေးတယ်ဟ ဆိုပြီးပေါ့။ ငါ့မြေးအရွယ် ပရိသတ်တွေ ဖေဖေကြီးသီချင်းကြိုက်တုန်းကွ၊ ဒီလိုလေး ဖြစ်မိတယ်။ ဖြစ်မိတော့ ပိုပြီး လှပတယ်။

လှပတဲ့အချက်ကလေးက ဘာလဲဆိုတော့ ကျွန်တော်က စောစောက မြေးအရွယ်သားကလေးကို ဒီဘက်ကားပေါ်ကလှမ်းပြီးတော့ ဖလိုင်းကစ် (fly kiss) လုပ်တယ်။ ဖလိုင်းကစ် ပြွတ်ခနဲလုပ်လိုက်တော့ ဒီမြေးအရွယ်ကလေးက ဘာပြန်လုပ်တယ် ထင်သလဲ။ ဖလိုင်းကစ် ပြန်မလုပ်ဘူးဗျား၊ လက်ကလေးနှစ်ဘက်ယှက်ပြီးတော့ ဦးတော် လုပ်တယ်။

ကြည့်နော်၊ ဦးတော်ဆိုတော့ ရှိခိုးတာပေါ့။ ရှိခိုးတယ်ဆိုတာ ကျွန်တော်တို့ မြန်မာ့ယဉ်ကျေးမှု။ ဘာသာရေးအဆုံးအမတွေမှာ အရေးအကြီးဆုံးအချက်။ ဒီဦးတော်ဆိုတာ လူကြီးသူမတွေလုပ်ရတဲ့ ဘုရားရှိခိုးတဲ့အလုပ်၊ နော်… ဒီအလုပ်ကို ကျွန်တော့်မြေးအရွယ် ဖေဖေကြီးကို ချစ်တယ်ဆိုတဲ့ ပရိသတ် မြေးကလေးက ဦးတော် လှမ်းလုပ်တယ်။ ကျွန်တော် အဘိုးကြီးက ဖလိုင်းကစ်လုပ်တယ်။

ဒီနေရာမှာ အဘိုးကြီးကျွန်တော်သည် ကလေးတစ်ယောက်ရဲ့စိတ်နဲ့ ဖလိုင်းကစ်လုပ်တယ်။ ကလေးလေးသည် လူကြီးတစ်ယောက်ရဲ့စိတ်နဲ့ ဦးတော်လုပ်တယ်။ စိတ်ချင်း crossing ဆက်နွှယ်သွားတယ်။ ဒါဟာ Generation Gap ကို ဖျောက်ဖျက်ပစ်တာ။ ဒါကြောင့်မို့လို့ လူငယ်တွေကို ကြောက်တယ်လို့ ပြောရတာပါ။ ၂၀ ဝန်းကျင် လူငယ်တွေကို ပြောတာ မဟုတ်ဘူး။ ဟိုး… ကျွန်တော့်မြေးအရွယ် ကလေးတွေကို ကျွန်တော်က လူငယ်လို့သတ်မှတ်ပြီး ကြောက်တယ်လို့ ပြောတာ။

 ကဲ... စကားမစပ် ပြောရဦးမယ်၊ လူငယ်တွေဟာ ဒီနေ့ သိပ်သိချင်တတ်ချင်ကြတယ်။ ဒါကြောင့်မို့လို့လည်း ကျွန်တော်က ဂလိုဘယ်လိုက်ဇေးရှင်းကို ချက်ချင်းသိဆိုပြီး ဘာသာပြန်တာ။ သိချင်ကြတယ်၊ လူငယ်တစ်ယောက် လက်ဖက်ရည်ဆိုင်ကိုလာပြီး ကျွန်တော့်ကို လာမေးတယ်။ ဦးဗလတဲ့၊ ဦးဗလဆိုတာ ကျွန်တော့်ကို ချစ်စနိုးခေါ်တာ။

"စကြာမင်းဆိုတာ ဘာလဲ" တဲ့။

"စကြာမင်းဆိုတာ ရှင်ဘုရင်တွေအားလုံးထက် ရှင်ဘုရင်ပေါ့ကွာ"
လို့ အလွယ်ဖြေလိုက်တယ်။

"စကြာမင်း ရှိသလား"

"အေး... အရင်တုန်းကတော့ ရှိတယ်လို့ ကြားတာပဲ၊ တို့ ဘိုးဘွားတွေလက်ထက်ကပြောတာ ကြားဖူးတာပေါ့" လို့။

"စကြာမင်းက တစ်ကမ္ဘာလုံးကို ပိုင်တာပေါ့နော်" တဲ့၊

"အေး... ဟုတ်တယ်" လို့။

"ဒါဆိုရင် ဟစ်တလာက စကြာမင်းလား" တဲ့။

ဟော... သူ့မေးခွန်းက တော်တော်ကြောက်စရာကောင်းတယ်။ ဟစ်တလာက စကြာမင်းလား တဲ့။ သူကတော့ တစ်ကမ္ဘာလုံးကို အုပ်စိုးဖို့ ကြိုးစားတာပဲ၊ မင်းက ဘာကို ကြည့်ပြောတာလဲဆိုတော့ သူ့ရဲ့အလံ၊ နာဇီစကြာအလံကို ကြည့်ပြီး မေးတာပါ။ သူမေးတာ ပေါ့ပေါ့လေး မဟုတ်တော့ဘူး၊ ခက်လာပြီ။ ဒီစကြာ ဆိုတဲ့ ပါဠိ စကြာ။ မြန်မာလို သုံးတဲ့ စကြာဆိုတဲ့စကားနဲ့ ဂျာမနီ နာဇီအလံ စကြာနဲ့ ထပ်တူပြုပြီး မေးတဲ့ကိစ္စ။

အဲဒီမှာ ကျွန်တော် တော်တော် ရှင်းလိုက်ရတယ်။ တကယ်တမ်း ပြောရရင် ကျွန်တော်လည်း မရှင်းတတ်ဘူး။ ကျွန်တော်က ဘာလုပ်ရလဲဆိုရင် ပြီးခဲ့တဲ့အပတ်က ပြောခဲ့တဲ့ ပါဠိဟာ အင်္ဂလိပ်တို့၊ ဂျာမန်တို့၊ ပြင်သစ်၊ လက်တင်တို့နဲ့ ဆက်နွှယ်နေတဲ့အကြောင်း ဒါလေး ပြန်ကိုင်ရတယ်။

ဘာလဲဆိုတော့ ပါဠိရဲ့ စကြာစကားနဲ့ ဂျာမန်ရဲ့ စကြာတံဆိပ် သွားတူနေသလားမသိဘူးဆိုပြီး ဒီလူငယ်ကို ရှင်းရတယ်။ ဖြစ်နိုင်ခြေ ရှိတယ်။ ပါဠိရဲ့စကြာကို ဂျာမန်တွေက စကြာတံဆိပ်တပ်တာ ဖြစ်နိုင်တယ်လို့ ရှင်းရတယ်။ တကယ်က ဒါ ပညာရှင်တွေ ရှင်းရမယ့်ကိစ္စ။ နောက်တစ်ချက်၊ ဒါကတော့ ကျွန်တော် အမေရိကားမှာ ကြုံလာတာဗျ။ ပြီးခဲ့တဲ့အပတ်က ပြောခဲ့တဲ့အထဲမှာပါတဲ့ စာရေးဆရာတက္ကသိုလ် တက်နေတဲ့ လူငယ်လေး ဂျင်မ်ဆိုတာ။ သူက ကျွန်တော့်ကို သူ့အိမ် ခေါ်သွားတယ်။

"လမ်းလျှောက်ရအောင် ဆရာ" တဲ့။

"အေးကွာ လျှောက်ရအောင်"

ဆိုပြီး ၄၅ မိနစ်လောက် လျှောက်လိုက်တာ သူ့အိမ် ရောက်သွားတယ်။

သူ့အိမ်လေးက ကျောက်တုံး၊ ကျောက်ခဲတွေ၊ သံတိုသံစတွေနဲ့ လူငယ်ဆိုတော့ဗျာ တွေ့ကရာပစ္စည်းတွေနဲ့ သူ့အိမ်ကို ကားဂိုဒေါင်လို ဆောက်ထားတာ။ အာ အေး... ကြိုက်တယ်ကွာလို့၊ ကောင်းသားပဲ မင်းအိမ်လေးက လို့၊ ကိုယ့်ဟာကိုယ်လုပ်တာဆိုတော့ ကောင်းတာပေါ့လို့။ အဲဒါဆိုရင် ဆရာရယ်တဲ့၊ ကျွန်တော့်အိမ်လေးအကြောင်းကို မြန်မာစာနဲ့ တစ်မျက်နှာလောက် ရေးပေးစမ်းပါတဲ့။ အေးပါကွာလို့၊ မင်း မြန်မာစာ တတ်လို့လား ဆိုတော့၊ မတတ်ဘူးတဲ့၊ ကျွန်တော် အမှတ်တရ သိမ်းထားချင်လို့တဲ့။

ကျွန်တော်က ဗလာစာရွက်နဲ့ ဘောလ်ပင်ယူပြီး သူ့အိမ်လေးအကြောင်းကို စာစီစာကုံးရေးပေးတယ်။ ရေးတဲ့အခါမှာ ဒီကောင် မတ်တတ်ရပ်ပြီး ဘေးက လာကြည့်နေတယ်။ သူ ဘာမှမသိဘူးနော်။ မြန်မာစာ မတတ်ဘူး။ ကလည်း မသိဘူး၊ ဝလုံးလည်း မသိဘူး။ ဒီမှာ လူငယ်တွေအပြင် လူကြီးတွေလည်း ပါပါတယ်လေ။ သတိထားဖို့ပေါ်လာတယ်။ သူတို့လူမျိုးသည် ပညာရပ်တစ်ခုကို ရေဆုံးရေဖျား လိုက်တယ်ဆိုတဲ့ အချက် သွားတွေ့တယ်။

ဘာလဲဆိုတော့ ကျွန်တော်ကတော့ ရေးရိုးရေးစဉ်ပဲလေ။ မြန်မာစာ မြန်မာအက္ခရာတွေနဲ့ အိမ်လေးအကြောင်း သီကုံးဖွဲ့နွဲ့ ရေးသားတာပေါ့။ သူကတော့ ဘာမှ အဓိပ္ပါယ်မသိဘူးနော်။ ဘေးက မတ်တတ်ရပ်ကြည့်နေခဲ့တာ။ ပြီးတော့ သိုင်းကျူးဆိုပြီး ကျွန်တော့်စာရွက်ကလေးကို လေးလေးစားစားယူပြီး၊ သေသေသပ်သပ်ခေါက်ပြီးတော့ သူ့ခုတင် ခေါင်းရင်းမှာ ထားတယ်။ ပြီးတော့ ကျွန်တော်တို့ လက်ဖက်ရည်သောက်ပြီး ကျွန်တော်တို့ တည်းတဲ့ ဧည့်ရိပ်သာအဆောင်ကို ပြန်ကြတာပေါ့လေ။

ဒီကောင်လေးက ကျွန်တော်နဲ့ အတူအိပ်တယ်။ တကယ့်ကို သိပ်ယဉ်ကျေးတဲ့ကလေးဗျာ။ မေရိကန်သာဆိုတယ်၊ အရှေ့တိုင်းသားလေး ကျနေတာပဲ။ ပျော့ပျော့နွဲ့နွဲ့လေး။ အဲဒါ အားရင်မေးတော့တာပဲ။ စာပေနဲ့ ပတ်သက်တာ၊ ဝတ္တုတိုနဲ့ ပတ်သက်တဲ့ မေးခွန်းတွေ မေးတော့တာပဲ။ အဲဒီတစ်ညကတော့ ကျွန်တော် တီဗွီထိုင်ကြည့်အပြီး တီဗွီပိတ်ပြီလည်းဆိုရော သူက ဘာမေးလဲဆိုတော့ -

"ဆရာ မြန်မာအက္ခရာဟာ ဘာကြောင့် အဝိုင်းတွေချည်းပဲ ဖြစ်နေတာလဲ" တဲ့။

ကြည့်နော်၊ ကျွန်တော်တို့ စာရေးဆရာကိုယ်တိုင် ဒီကစ္စ သေသေချာချာ မစဉ်းစားခဲ့ဘူး။ ဖတ်တဲ့သူဆို ဝေးရော။ ကျွန်တော် မေးမယ်၊ လူကြီးရော လူငယ်ရောကိုပါ။ အဲဒီ မြန်မာအက္ခရာတွေဟာ ဘာကြောင့် အဝိုင်းချည်းပဲ ဖြစ်နေတာလဲလို့ တစ်ခါတလေများ စဉ်းစားမိဖူးသလားဗျာ။

ကျွန်တော်ထင်တယ်၊ အများက စဉ်းစားမိဖူးမှာ မဟုတ်ဘူးဗျ။ ကြည့်နော် သူမေးတာ၊ သူက အမေရိကန်ကျောင်းသား၊ မြန်မာစာကို တစ်လုံးမှ မသိဘူး။ ကျွန်တော်ရေးတဲ့ လက်ရေးကိုကြည့်ပြီး မေးတာ၊ တရုတ်စာမှာလည်း အချောင်းတွေ၊ တုတ်တွေ ပါတာပဲ၊ ကုလားစာမှာလည်း အချောင်းတွေပါတာပဲ၊ အင်္ဂလိပ်မှာဆို O အို တစ်လုံးတည်း အဝိုင်းပါတယ်။ မြန်မာစာအကုန်လုံး အဝိုင်းနော်တဲ့။ ဟုတ်ပါ့ဗျာ၊ ဗျည်း ၃၃လုံးကို ကြည့်ကြည့်ပါ၊ အကုန်အဝိုင်းချည်းပါပဲ။ အဲဒါ ဘကြောင့်လဲလို့ မေးတယ်ဗျာ။ ကျွန်တော်လည်း ဘာသာဗေဒပညာရှင် မဟုတ်ဘူးဗျ။ ဘယ်လိုဖြေကြမတုံး၊ ကျွန်တော်က ပညာရှင်မဟုတ်တော့ မရှင်းနိုင်ဘူး။ သို့သော် ကိုယ်က ဆရာဆိုတော့လည်း ရိုးရိုးသားသား ဝန်ခံရရင် ဖြီးရတာပေါ့။

ပေထက်အက္ခရာတင်တဲ့ကိစ္စလည်း မဟုတ်တော့ ဘယ်လိုဖြေရတုံးဆိုရင် အေး... မင်း နေနဲ့လ တွေ့ဖူးသလား၊ တွေ့ဖူးပါတယ်။ ဒီတော့ နေက ဘာလဲကကွ၊ အ၀ိုင်း၊ လကကော ဘာလဲကွ၊ အ၀ိုင်း၊ တို့ကမ္ဘာကြီးကကော ဘာလဲကွ၊ အ၀ိုင်း၊ အေး အဲဒါကြောင့် တို့စာလုံးတွေဟာ အ၀ိုင်းချည်းပဲကွလို့ ဖြီးရတာပေါ့။

ကိုယ်က ဆရာဆိုပြီး သူက တပည့်ခံနေတော့ အပေါ်စီးကနေ ဖြီးရတာ။ အမှန်တော့ ဟုတ်သလား၊ မဟုတ်သလား ကျွန်တော်လည်း မသိဘူးဗျ။ ပညာရှင်တွေမှ သိမယ့်ကိစ္စ၊ ဒီထက်အကျပ်ရိုက်တဲ့ကိစ္စ ရှိသေးတယ်။ ဘာလဲဆိုတော့ -

"ကောင်းပြီ၊ အ၀ိုင်းက နေနဲ့လကိုယူပြီး ရေးတာဆိုရင် ဘာကြောင့် လက်ယာရစ်ချည်း ရေးရတာလဲ။ အဲဒါကျတော့ ဘာလို့လဲ" တဲ့။

သေပြီ၊ အဲဒါကျတော့ ဖြေကို မဖြေနိုင်တော့ဘူး။ အဲဒါနဲ့ -

"တို့က ကွာလို့၊ နာရီရှိတယ်မဟုတ်လား နာရီ၊ နာရီက လက်ယာရစ်သွားတာပဲလို့ အဲဒီတော့ တို့စာလုံးတွေလည်း လက်ယာရစ်ရေးတာပေါ့ကွာ"

လို့ ပေါ့ပေါ့လေး ပြန်ဖြေလိုက်တယ်။ အဲဒါမှာ ဂျင်မ်က ထပ်ပြီး ရစ်ပြန်ရော။

"အာ... ဆရာပြောတော့ နေနဲ့လနဲ့ ကမ္ဘာနဲ့ယှဉ်ပြီးတော့ ပြောတယ်။ အဲဒါတွေက ကမ္ဘာကြီးက လက်ဝဲရစ် လည်နေကြတာလေ၊ ဆရာတို့ စာကျတော့ ဘာဖြစ်လို့ လက်ယာရစ်ရေးကြတာလဲ" တဲ့။

သေရောဗျာ၊ ဟာကွာ.. မင်းကလည်း စကြ၀ဠာကြီးက ပြောင်းပြန်လည်နေတာပဲ၊ ဘာညာနဲ့ လုပ်ရတာပေါ့၊ ဟုတ်တယ် မဟုတ်တယ် ကျွန်တော်တို့လည်း မသိဘူးလေ။ ဆိုလိုတာက လူငယ်တွေကို ချဉ်းကပ်ရတာ ခက်တယ်လို့ ဆိုချင်တာပါ။

နောက်တစ်ခု၊ လူငယ်တွေနဲ့ ပတ်သက်လို့ စင်ကာပူလူမျိုး၊ ပြင်သစ်နိုင်ငံသား ခံယူထားတဲ့ ပန်းချီပညာရှင်ကောင်မလေး ရင်န်ကာတဲ့။ အသက် ၂၆ နှစ်ပဲ ရှိသေးတယ်။ ကျွန်တော့ဆီလာတယ်။ လာတဲ့ အကြောင်းက ဘာလဲဆိုတော့ ပန်းချီအောင်စိုးရဲ့ ပန်းချီကားတွေနဲ့ ပန်းချီအောင်စိုးရဲ့ ဘ၀ကို ကျမ်းပြုဖို့။ အသက် ၂၆ နှစ်နော်၊ ၂၆ နှစ်၊ သူကိုင်လိုက်တာက သေးသေးမွှားမွှား မဟုတ်ဘူး။ ပန်းချီအောင်စိုး။ ပန်းချီအောင်စိုးဆိုတာ ရိုးရာကနေ မော်ဒန်အထိ ကူးလူးဆက်ဆံ ဆက်သွယ်ပြီး ရေးခဲ့တဲ့ ပန်းချီဆရာကြီး။

အဲဒီ ဆရာကြီးရဲ့ ဘ၀နဲ့ပန်းချီကို ကျမ်းပြုဖို့၊ တော်ရုံတန်ရုံကိစ္စ မဟုတ်ဘူး။ ကျွန်တော့်ဆီကို ရောက်လာတော့ မြန်မာပြည်မှာ ဒီကိစ္စအတွက်ကို လုပ်နေတာ လေးနှစ်ရှိသွားပြီတဲ့။ ဆိုလိုတာက သူဟာ အကြီးကြီးကို လုပ်နေပေမယ့် အသေးလေးတွေကို မေ့မထားဘူးဆိုတာ ပြောချင်လို့ပါ။ သူက ပန်းချီအောင်စိုးအကြောင်းမေးဖို့ ပန်းချီအောင်စိုးရဲ့ဇနီး အန်တီမာ့ဆီသွားတယ်။ အန်တီမာက ပန်းချီအောင်စိုးအကြောင်းကို သုမောင်တို့က ပိုသိတယ်။ သူတို့က ပူးကပ်ပေါင်းနေကြတာ။ သူတို့ဆီ သွားမေးဆိုပြီး ပန်းချီအောင်စိုးမိန်းမက လိုက်ပို့တော့ ကျွန်တော့်ဆီ ရောက်လာတယ်။

သူက ကျွန်တော့်ကို ပန်းချီအောင်စိုး ငယ်ငယ်တုန်းက အကြောင်းတွေ လျှောက်မေးရင်း -

"ရှင် ပန်းချီဆွဲတယ်ဆို" တဲ့။

"အေး... ပန်းချီဆွဲတယ်တော့ မဟုတ်ပါဘူးလို့၊ အရုပ်ကလေးတွေ ရေးတာပါ။ ငါ ပန်းချီဆရာ မဟုတ်ပါဘူး" လို့။

"ကြည့်ချင်တယ်" တဲ့။

ကြည့်ချင်တော့ ထုတ်ပြလိုက်တယ်။ ဖြစ်ချင်တော့ ကျွန်တော်ဆွဲထားတဲ့ ပန်းချီဆိုပါတော့လေ။ အရုပ်တွေက တစ်ပုံက မိန်းမရဲ့အပေါ်ပိုင်း၊ တစ်ပုံက မိန်းမရဲ့ ခါးအလယ်ပိုင်း၊ နောက်တစ်ပုံက မိန်းမရဲ့ အောက်ပိုင်း။ အဲဒီပုံလေ၊ မော်ဒန်ပုံပေါ့လေ။

ဒါနဲ့ ကောင်မလေးက တအံ့တသြကြည့်ပြီး -

"ဟား... အောင်စိုး လက်ကျ၊ တွေ့ပြီ အောင်စိုးလက်ကျပဲ" တဲ့။
အေး... အောင်စိုးလက်ကျ မဟုတ်ပါဘူးကွာ။ အောင်စိုးလက်ကျ ဖြစ်ဖို့နေနေသာသာ ငါက ရိုးရိုးပန်းချီဆရာတောင် မဟုတ်ပါဘူးလို့ ပြောရတယ်။ သူက ကျွန်တော့်ပုံတွေ ကြည့်ပြောတာနော်။ ကျွန်တော့်ပန်းချီကား သုံးချပ်။ သူက လက်နဲ့ထောက်ပြီးပြတာ။ ပထမပုံမှာ အပေါ်ပိုင်း မိန်းမပုံမှာ ချိုင်းကြားမှာ မှဲ့ထည့်ထားတာ ဟောဒီမှာ မှဲ့တဲ့။ နောက်တစ်ပုံက အလယ်ပိုင်း ဗိုက်သားမှာ မှဲ့ထည့်ထားတာ ဟောဒီမှာ မှဲ့တဲ့။

နောက်တစ်ပုံက ပန်းသည်မလေးခြေထောက်မှာ ခြေသလုံးမှာ မှဲ့လေးနဲ့ ဟောဒီမှာ မှဲ့တဲ့။ ကိုယ့်ဟာကိုယ်တောင် ဘာကြောင့် မှဲ့ထည့်မိမှန်းတောင် မသိပါဘူး။ မှဲ့ဝါသနာပါလို့ ထည့်လိုက်တာ။ သူက ဟောဒါ အောင်စိုး၊ ဟောဒါ အောင်စိုး ဆိုပြီး လုပ်တယ်။

"အောင်စိုးနဲ့ မှဲ့နဲ့ ဘာဆိုင်လို့တုန်း ရင်န်ကာရဲ့"

လို့ဆိုတော့ သူက ဘာလုပ်တယ်ထင်သလဲ။ ဆတ်ဆို ပန်းချီအောင်စိုးရဲ့ဇနီး အန်တီမာရဲ့ အင်္ကျီအပေါ်ဆုံး ကြယ်သီးနှစ်လုံးကို ဆွဲဖြုတ်လိုက်တယ်။ ဖွင့်တော့ ရင်ဘတ်လေး ဟောင်းလောင်းပွင့်သွားတာပေါ့။ ဟောဒီမှာ တွေ့သလားလို့ သူကပြတော့မှ ဟုတ်ပါ့ဗျား၊ အန်တီမာရဲ့ ရင်ညွန့်မှာ မှဲ့နဲ့ဗျ။

သြော်... ကြည့်စမ်း၊ လူငယ်နော်၊ အသက် ၂၆ နှစ်အရွယ် ဒီကောင်မလေးက အောင်စိုးပန်းချီကားတွေမှာ မှဲ့ပါတယ်။ အဲဒါကြောင့်မို့လို့ အောင်စိုးရဲ့မိန်းမမှာလည်း မှဲ့ပါရမယ်ဆိုပြီး တွက်ထားပုံရတယ်။

ပြီးတော့ -

"ကိုသုမောင် ဇနီးမှာကော မှဲ့ရှိလား" တဲ့။

"အေး... အရင်တုန်းက ကျောကုန်းမှာ ရှိတယ်။ ခုတော့ ခွဲစိတ်လိုက်လို့ မရှိတော့ဘူး" လို့၊

"အဲဒါကြောင့် ဒီကားတွေမှာ မှဲ့ပါနေတာ၊ ဒါ အောင်စိုး လက်ကျပဲ" တဲ့။

ပြောချင်တာက မှဲ့လေးတစ်လုံးတောင် အလွတ်မပေးဘဲ အောင်စိုးရဲ့ဘ၀မှာ ဆွဲထည့်ပြီး လေ့လာတယ်ဆိုတာ ပြောချင်တာပါ။ ရယ်စရာပြောပြဦးမယ်၊ အဲဒါမှာ လင်းဝဏ္ဏဆိုတဲ့ ပန်းချီဆရာ တစ်ယောက်လည်း ပါတယ်။ ပန်းချီအောင်စိုး လက်ရာမျိုးရေးတဲ့ တပည့်တစ်ဦးပေါ့။ သူက ၀င်ဝင်ပြီး ပြောတယ်။

ပန်းချီအောင်စိုးက အိန္ဒိယကို သွားပြီး ပညာသင်တော့ ဟိုမှာ ကုလားမလေးတစ်ယောက်နဲ့ ကြိုက်ခဲ့ဖူးတယ်တဲ့။ ပန်းချီအောင်စိုး မိန်းမ ရှေ့တင် သူက ရယ်မောကာ ပြောတာကိုး။ အဲဒီ ကုလားမလေးနေတဲ့ အိမ်ကိုတဲ့ ပန်းချီအောင်စိုးက စကတ်ခ်ျ (sketch) ပုံကြမ်းခြစ်ထားတဲ့ ပန်းချီကားလေး ငါ့မှာရှိတယ်။ သူမသေခင် ငါ့ကို လက်ဆောင်ပေးထားတာ ရှိတယ်တဲ့။ အဲဒါ နင်ကြည့်မလားတဲ့။ ဆိုတော့ကာ အဲဒီကောင်မလေးက ဟားဟားဟားဆိုပြီး ထရယ်တယ်။ ရယ်ပြီးတော့ -

"ကိုလင်းဝဏ္ဏ ကျွန်မပြောပြမယ်၊ အဲဒီ ပန်းချီကားကို ကြည့်စရာမလိုဘူး၊ ကျွန်မ အိန္ဒိယကို သွားပြီးပြီ၊ အဲဒီအိမ်ကိုလည်း လိုက်ရှာပြီးတော့ ကြည့်ခဲ့ပြီးပြီ၊ ကုလားမကြီးကိုလည်း တွေ့ခဲ့ပြီးပြီ။ အဘွားကြီးက ခုထိ ချောတုန်းပဲ" တဲ့။

ဟောဗျာ၊ ရယ်စရာလေးဆိုပေမယ့် ဘယ်လောက်အထိ ရောက်သလဲ။ အောင်စိုးအကြောင်းသိဖို့ အောင်စိုးရည်းစားရှိတဲ့ အိန္ဒိယအထိသွားပြီး ကြည့်တာ၊ ဒီအိမ်ကိုလည်း ဓာတ်ပုံရိုက်ခဲ့တယ်။ အောင်စိုးရည်းစား ခုတော့ အဘွားကြီး၊ ကုလားမကြီးကိုလည်း တွေ့ပြီးတော့ စကားတွေပြောခဲ့တယ်။ အောင်စိုးအကြောင်း ကျမ်းပြုဖို့ ဘယ်လောက် လေ့လာခဲ့သလဲ။ ကျွန်တော်က ယှဉ်ပြောတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ မြန်မာလူငယ်တွေလည်း မော်ဒယ်လ်သင်တန်းတက်ပြီး မော်ဒယ်လုပ်စားဖို့ပဲ ဖြစ်ဖြစ်ပေါ့။

နောက်ဆုံး ပြောဦးမယ်၊ စားသောက်ဆိုင်မှာ စားပွဲထိုး လုပ်တာပဲ ဖြစ်ဖြစ်ပေါ့။ အန္တရာယ်ရှိပါတယ်ဆိုတဲ့ စီးကရက်ပရိုမိုးရှင်း လိုက်လုပ်နေတဲ့ မိန်းကလေးပဲ ဖြစ်ပါစေ။ အောက်ဆုံးအလွှာက မိန်းကလေးပဲ ဖြစ်ပါစေ။ ကိုယ် လုပ်ရမယ့်အလုပ်ကို ထောင့်စေ့အောင်၊ အကွက်စေ့အောင် ကြည့်တတ်ဖို့၊ မြင်တတ်ဖို့ ကြိုးစားကြပါ။ ဒါကို ကျွန်တော်က မရဲတရဲ တိုက်တွန်းတာပါ။ မရဲတရဲဆိုလို့ ဘာကြောင့် ဒီစကားကို ပြောရသလဲဆိုရင် ခုနကပြောသလို လူငယ်တွေကို ကြောက်လို့။

ကဲ... ဒီအပတ်လည်း နည်းနည်းပါးပါးတော့ ရောရောယှက်ယှက် ကလေး ပါဦးမှာပဲနော်။ ရှေ့အပတ်ကျရင်တော့ အခန်းကဏ္ဍလေးတွေ သီးသန့်ထုတ်ပြီးတော့ တစ်ပတ်ကိုတစ်ကြိမ် အကြောင်းအရာတစ်ခု ဦးတည်ပြီးတော့ ပြောနိုင်အောင် ကြိုးစားပါ့မယ်။

အားလုံး ကျန်းမာချမ်းသာကြပါစေ။

-------- X ----- X ----------
credit to mmcyber (Du Du)

Thursday, 27 September 2012

ဆယ့်နှစ်ကြိုးဝတ္ထုတိုများ - နေဝင်းမြင့် (အပိုင်း-၄)


ဟွန်းတယော



(၁)

ရေဒီယိုက သူ့လက်သံ အခန်းမှာ တယောလက်သံများ လာရင် အမေက အမှတ်တမဲ့နားထောင်ရာက …

“ကိုကျင်လား … ” လို့ လှမ်းမေးတတ်တယ်။

အမေက ရိုးရိုး တယောသံနဲ့ ဟွန်းတယောသံကို ခွဲခြားမသိဘူး။ တယောသံ ဆိုရင် ကိုကျင့်တယောသံပဲ သူ ထင်တယ်။ တယောဆရာဆိုရင် ကိုကျင်ပဲ ရှိတယ်လို့များ ထင်သလား မသိဘူး။

ထင်ချင်လို့သာ ထင်တာ၊ ကိုကျင်က ရွာမှာ ရှိမှရှိသေးရဲ့လားတောင် မသိဘူး။ ရှိရင်တောင် ကြီးလှရော့မယ်။

* * *



(၂)

အမေနဲ့ရွယ်တူ သူငယ်ချင်းတွေ ဆိုတော့ ကိုကျင် တဲ့။ တစ်ခါတစ်ခါတော့ ဟွန်းတယောဆရာ ကိုကျင် တဲ့။ ကျွန်တော်တို့ကတော့ ရွာမှာနေကတည်းက ဦးလေးကျင် လို့ပဲ ခေါ်ခဲ့ကြတာ။ ဟွန်းတယောဆရာ ဆိုပေမယ့် ထရံချိတ်ထားတဲ့တယော စိတ်ကူးရမှ ကသောကမျော ထထိုးတတ်တဲ့ ဝါသနာပါရုံ တယောဆရာတော့ မဟုတ်ဘူး။

ခက်တာက ငွေနဲ့ကြေးနဲ့ ကြေးစားတယောဆရာလား ဆိုတော့လည်း မဟုတ်ပြန်ဘူး။ သူ့ဝါသနာက တော်တော်တော့ ကြီးတယ်။ တယောနဲ့လက်နဲ့က ပြတ်တယ်လို့မရှိဘူး။ အမြဲထိုးနေတာ။ သီချင်းကြီး သီချင်းခံတွေလည်း ရတယ်။

သူတို့ခေတ်က သီချင်းတွေလည်း တော်တော်ရတယ်။ သူ့ကြည့်လိုက်ရင် ဒန်နဲ့လုပ်ထားတဲ့ ဟွန်းခွက်ရှည်ရှည်ကြီးကို တယောအိမ်ကဖြုတ်ပြီး နေ့တိုင်း တိုက်ချွတ်နေတတ်တာလည်း ရှိရဲ့၊ ဂျာမနီတယောပြား ညိုညိုကလေးကိုလည်း အမြဲသန့်စင်နေတာလည်း ရှိရဲ့။ ပန်းပဲဖိုဘေးက သူ့အိမ်ကလေးထဲမှာ အမြဲ တကုပ်ကုပ်နဲ့ သူ့တယောလေးကိုပဲ သ နေတတ်တာ။ ပြီးရင်တော့ ကြိုးပေါ်ကို တယောဘိုးတံကလေး တရွရွ တင်၊ မေးကလေး မှေးကပ်ပြီး ဘိုးတံကို ဆွဲလိုက်ရင် စူးပြီး သြနေတဲ့ တယောသံကြီးက ကျယ်ကျယ်လောင်လောင်ကြီး ထွက်လာရော။

သူ့ပုံကတော့ သူ့တယောသံနဲ့ တခြားစီ။ တကယ့် ဂီတသမားပုံမျိုး ခပ်နွဲ့နွဲ့ရယ်။ နွဲ့တာများသွားလို့ ကိုင်းကွေးကွေး ပိန်ပိန်သွယ်သွယ် ဖြစ်နေတာမျိုး။

သူ့မိန်းမ ဒေါ်လေးမြခင်က ဈေးထဲမှာ ဆေးရွက်ကြီး တို့၊ ဆေးရိုးတို့ ရောင်းတာဆိုတော့ ဈေးမကွဲခင်အထိ သူ့အိမ်ကလေးထဲမှာ ဘယ်သူမှ ရှိမနေတတ်ဘူး။

အဲဒီအချိန်ကလေးဟာ သူ့အချိန်ပဲ။ ဒေါ်လေးမြခင်က တယောသံကို နားမခံနိုင်ဘူး တဲ့၊ နားငြီးသတဲ့၊ ဘာမှမလုပ်ဘဲ အေးအေးဆေးဆေး ထိုင်စားပါ တဲ့၊ ဟွန်းတယောကြီးတော့ မထိုးပါနဲ့ တဲ့ … ဟွန်းတယောကြီးကို ရောင်းစားဖို့ချည်း ပြောနေတတ်တာလည်း ရှိရဲ့။

ဦးလေးကျင်က ရောင်းဖို့နေနေသာသာ မနက်တိုင်း ဘုရားမရှိခိုးရင်သာ နေရမယ်၊ အမျှ မဝေရင်သာ ရှိရမယ်၊ တယော မသတဲ့နေ့၊ တယောမထိုးတဲ့နေ့ကို မရှိဘူး။

ဈေးပိတ်တဲ့နေ့ တို့၊ ဥပုသ်နေ့ တို့၊ ဒေါ်လေးမြခင် အိမ်မှာရှိတဲ့နေ့ ဆိုရင် ခပ်စောစော အိမ်ကထွက်ပြီး ဈေးထိပ်က ကိုတိုင်းကျော် ဆံပင်ညှပ်ဆိုင်ကလေးထဲ သွားထိုင်တော့တာပဲ။

ဆံပင်ညှပ်ဆိုင်ထဲ ရောက်ရောက်ချင်းတော့ မထိုးပါဘူး၊ ထိုင်သေးတယ်။ ဆံပင်ညှပ်ဆိုင်က သစ်သားချိတ်မှာ ဟွန်းတယော ချိတ်ပြီး ဆင်နှစ်ကောင်မခင်စိန် ဆေးလိပ်ကြီးနဲ့ အကြာကြီး မှိန်းနေသေးတာ။ တော်တော်လေးကြာမှ ချိတ်တယောလေးကို ဖြုတ်ပြီး စမ်းလည်း စမ်း၊ ထိုးလည်း ထိုးတော့တယ်။

အဲဒီနေ့ ဆံပင်ညှပ်တဲ့လူတွေတော့ ဟန်ကိုကျလို့။ ကလေးတွေလည်း ဝိုင်းလို့။

ကိုတိုင်းကျော် ဆိုတာကလည်း သူငယ်ချင်းကိုး၊ ကိုကျင် လာတယ် ဆိုတော့ ကာကာဆိုင်က ခပ်ညံ့ညံ့ တောလက်ဖက်ရည်ကလေး တစ်ခွက် ဝယ်ခဲ့ပြီး ခုံတန်းရှည်လက်တန်းပေါ် တင်ထားလိုက်တာပဲ။

ဒါ ဧည့်ခံတာပဲ။ သောက်ပြီးရင် ထိုးပေတော့ တယောပဲ။ ကိုကျင်က လက်ဖက်ရည်ကို တစ်ကျိုက်ပဲ သောက်တယ်။ ကျန်တာ မသောက်တော့ဘူး။ မကြိုက်လို့လားမသိဘူး။ နောက်ထပ် မသောက်တော့ဘူး။

ဆံပင်ညှပ်တဲ့လူတွေ ပါးပြီ ဆိုမှတော့ ကိုတိုင်းကျော်က ခုံတန်းဘေးမှာ ဝင်ထိုင်၊ မပြောမဆိုနဲ့ ခင်မောင်ရင်ရဲ့ ‘စကြာသိုက်’ ထဲက သူ့စိတ်ထင်ရာ တစ်ပိုဒ်ပိုဒ်ကို ဖျတ်ခနဲ ဝင်ဆိုလိုက်ရော။

ကိုတိုင်းကျော်က ခင်မောင်ရင့်သီချင်းပဲ ဆိုတယ်။ တခြားသီချင်း မဆိုဘူး။

ကိုကျင်ကလည်း သူ စွဲရာ၊ သူ သန်ရာ သူ တောင်စဉ်ရေမရ လျှောက်ထိုးနေရင်းက ဖျတ်ခနဲ အဆိုဝင်လာတာကို အလိုမကျတာမျိုး၊ စိတ်ဆိုးသွားတာမျိုး မရှိဘူး။ ပြုံးပြုံးကလေးပဲ ထိုးလက်စ ရပ်ပြီး ဝင်လာတဲ့သီချင်း လိုက်မှေးတော့တာပဲ။

ကိုတိုင်းကျော်နဲ့ ကိုကျင် တွဲပြီ ဆိုရင် တခြားဆိုင်တွေက လာနားထောင်ရတော့တာ လို့ အမေ မကြာမကြာ ပြောဖူးတယ်။ အဲ … ဈေးဖွင့်ရက် ဖြစ်လို့ကတော့များ သူ့ အိမ်ကုပ်ကလေးထဲက မထွက်ဘူး။ ဘယ်မှလည်း မသွားဘူး။

အဆို ပါချင်ပါ မပါချင်နေ တစ်ခါတစ်ခါ အပီကလေး၊ တစ်ခါတစ်ခါ အကြည်ကလေး၊ တစ်ခါတစ်ခါ အနွဲ့၊ တစ်ခါတစ်ခါ အသွဲ့ …

တစ်ခါတစ်ခါများ လွမ်းစရာကြီး ..
ညာသံ စူးစူးကလေးကနေ ဘယ်သံ ဝါဝါကြီးကို ကူးတဲ့ပြီး စိမ်ထားလိုက်တာ နားထောင်ရတဲ့လူက အသက်မရှူချင်တော့ဘူး၊ ထိထိခိုက်ခိုက်ကြီး ခံစားရလို့ … ။

* * *


(၃)

ရွာမှာ တီးဝိုင်းကလေး ဖွဲ့ကြတော့ ဦးလေးကျင်က ဟွန်းတယော၊ ကိုခင်မောင်ကြီးက သံပတ္တလား၊ ကိုပြူးက မယ်ဒလင်၊ ကိုခင်သန်းက ခြောက်လုံးပတ် တီးတယ်။ အဆိုကတော့ တစ်လှည့်စီ ဆိုကြတာပဲ။ ကလေးမလေးတွေလည်း ပါတာပေါ့။

ပထမတော့ မစုစည်းမိဘူး၊ ရွာမှာ ဗုဒ္ဓပူဇနိယပွဲ လုပ်ကြမယ် ဆိုတော့မှ စဉ်းစားမိတာ။

ဗုဒ္ဓရုပ်ပွားတော်ကို လှည်းကျောင်းဆောင်နဲ့တင်ပြီး ရွာထဲမှာ ဒေသစာရီကြွဖို့ စီစဉ်ကြတော့ တီးဝိုင်းကလေးနဲ့ဆိုရင် ပိုကောင်းမယ် လို့ တွက်ကြတယ်။ စွယ်တော်ကြိုး တို့၊ ရောင်ခြည်တော်ဘွဲ့ တို့၊ ယသော်ဓယာ ယိုးဒယား တို့ တီးရမှာကိုး။

တူရိယာပစ္စည်းလည်း ရှိ၊ အသင့်လည်း တီးတတ်မယ့် ဂီတသမားတွေ ရှာတော့ ထိပ်ဆုံးကမှတ်မိတာ ဦးလေးကျင်ပဲ။

နောက်တော့ တစ်ယောက်တစ်ပေါက်နဲ့ မယ်ဒလင်တော့ ဘယ်သူတီးတာ တွေ့တယ်၊ သံပတ္တလားသံတော့ ဘယ်နားမှာကြားတယ်နဲ့ လိုက်စုလိုက်ကြတာ ရွာတီးဝိုင်းကလေးကို ဖြစ်ရော။ တီးဝိုင်းနာမည်ကိုလည်း အထူးရှာမနေတော့ဘူး။ ဗုဒ္ဓပူဇနိယတီးဝိုင်း တဲ့။ တချို့ကလည်း ဗုဒ္ဓရုပ်ပွားတော် ဒေသစာရီကြွတာကို ရွာက ဘုရားလေးလှည့်တယ် လို့ အလွယ်ခေါ်ကြရာက ဘုရားလေးဝိုင်း တဲ့။

ဂီတသမားဆိုတာကလည်း ခက်သားပဲ၊ တီးမှုတ်နေရရင်ပဲ ကျေနပ်နေတတ်ကြတာ မဟုတ်လား။ နောက်တော့ ဘုရားလှည့်မှရယ် မဟုတ်တော့ဘူး၊ ရွာက အလှူလေး၊ မင်္ဂလာဆောင်ကလေးတွေမှာလည်း တစ်စတစ်စ လက်ခံပြီး တီးပေးတယ်။

ဦးလေးကျင့် ဟွန်းတယောကတော့ အမြည်ဆုံး၊ အပီဆုံး ပေါ့လေ။ တိုက်ပုံနွမ်းနွမ်းကလေး မချွတ်တမ်းဝတ်တဲ့ပြီး ငုံ့ကိုင်းကိုင်း ခါးနွဲ့ကြီးနဲ့ ဟွန်းတယောကြီး မေးကပ်ပြီး ထိုးနေလိုက်တာ အိမ်မပြန်တော့မယ့်ပုံမျိုး၊ ဘာသံယောဇဉ်မှ မရှိတော့တဲ့ပုံမျိုး။

နောက်တော့ ကိုယ့်ရွာထဲတင် မဟုတ်တော့ဘူး။ ရွာစဉ်ကိုးပေါက်လှည့် တီး လှည့် စား၊ ‘ဆို တီး စား ပြန်’ ဝိုင်းကလေး ဖြစ်ရော။

ရွာတွေကဖိတ်လို့ လှည်းနဲ့သွားကြပြီ ဆိုရင် လှည်းပေါ်မှာပဲ တီးကြမှုတ်ကြနဲ့၊ ပျော်စရာကြီး။

‘ပင်ခေါင်တိုင် သပြေကိုင်းနဲ့ ရွှေဝိုင်းလို့ ဘေထိ ဆော် … သွားဟေ့ ပျော်ပျော် … အရှေ့ရွာမှာ စင်တော်ရုပ်သေး … နောက်ညတွေ မမြင်ရရင် လွမ်းလှလိမ့်လေး … ’

ခင်အုန်းမြင့်လေးရဲ့ ‘ရုပ်သေးပွဲ သွားရအောင်’ သီချင်းကို အမြူးကလေး တီးကြရင်း ရွာထဲကိုဝင်တော့ ရွာကလည်း ပျော်ကြလို့။ လူငယ်တစ်ယောက်လို လှည်းပေါ်က ပထမဆုံး ခုန်ဆင်းတာ ဟွန်းတယောကြီးနဲ့ ဦးလေးကျင်ပဲ။ သူ့ ဟွန်းတယောကြီးကို ဘယ်သူမှ အကိုင်မခံဘူး။ ပိတ်စကို အိတ်ရှုံ့ကလေးချုပ်ထားတဲ့ ဘိုးတံထည့်တဲ့အိတ်နဲ့ တယောပြားကို တွဲကိုင်ရင်း ခေါင်းရင်းက ခင်းထားတဲ့ သင်ဖြူးဖျာပေါ် တက်ထိုင်လိုက်တာပဲ။ နောက်မှ ခေါင်းရင်းက သံချက်တောင့်တောင့် လိုက်ရှာပြီး တယောကကြိုးကွင်းကလေးနဲ့ ချိတ်တယ်။ ပြီးတော့ မခင်စိန်တစ်လိပ် တိုက်ပုံထဲက ထုတ်ပြီး ဖွာတော့တာပဲ။ အိမ်ရှင်က …

“ကျုပ်ဖြင့် ကိုကျင် ပါမှပါပါ့မလား လို့”

လို့များ ဆိုရင် သိပ်ကျေနပ်နေတတ်တာ။ တော်တော်လေး ကြာအောင် ဆေးလိပ်ကို တထောင်းထောင်း ဖွာပြီးတော့မှ …

“လာရမှာပေါ့ဗျာ … မောင်ကျင့်ဟွန်းတယော မပါရင် ဘယ်ဖြစ်မှာတုံး”

လို့ အမြဲ ပြောတတ်တယ်။
တကယ်လည်း ဦးလေးကျင်က ရွာသားတွေတိုင်းက ချစ်တဲ့ လူထုဂီတသမား စစ်စစ်ပဲကိုး။

* * *


(၄)

အသက်ကလေး နည်းနည်းရလာလို့ ရွာတီးဝိုင်းမှာ ဦးလေးကျင် မတီးဖြစ်တော့ပေမယ့် ရွာတီးဝိုင်းကလေးက ရှိတုန်းပဲ။

လူငယ်တွေက လက်ဆင့်ကမ်းကြတယ်။ လူငယ်တွေဆိုတော့ ဟွန်းတယောတော့ မဟုတ်ဘူး။ ရိုးရိုးဖလက်ကလေးတွေ ဖြစ်ကုန်ပြီ။

တစ်ခါတစ်ခါ လူငယ်တွေက ရှေးခေတ်ဟောင်း အောက်မေ့ဖွယ် ပွဲမျိုးတွေ ဆိုရင်တော့ ဦးလေးကျင် တို့၊ ဦးခင်သန်း တို့၊ ဦးပြူးတို့ကို ပြန်ခေါ်ပြီး တီးခိုင်းမှုတ်ခိုင်းပေါ့။ ဦးလေးကျင်ကလည်း တစ်နှစ် တစ်ခါနှစ်ခါလောက် ဟွန်းတယောကြီးနဲ့ သွားဖြစ်တာကလွဲရင် သူ့တယောကြီး မထိုးဖြစ်သလောက် ဖြစ်နေပြီ။ လူကလည်း တဖြည်းဖြည်း ကျလာပြီ။ အရွယ်ကလေးကလည်း ရလာပြီ။ ဒေါ်လေးမြခင်လည်း ကြီးပြီလေ။ ကိုယ်တိုင်တောင် ဈေးမထွက်နိုင်တော့လို့ တူမကလေးနဲ့ လွှဲထားရပြီး ရသမျှကလေးနဲ့ တူအရီးသုံးယောက် စားကြတာပဲ။

ဦးလေးကျင်ကလည်း ဟွန်းတယောကြီး အိမ်ရှေ့ခန်းချိတ်ထားပေမယ့် စိတ်သွားတိုင်း ကိုယ်မပါတော့ဘူး။ ကိုတိုင်းကျော်ဆိုင်လည်း မရောက်တော့ဘူး။ သူ့အိမ်ကလေးထဲကလည်း ဟွန်းတယောသံ မကြားရတော့ဘူး။ တစ်ခါတလေ လူငယ်တွေက သူ့ ဟွန်းတယောကြီး မက်မက်စက်စက် ဈေးပေးဝယ်ကြပေမယ့် သူ့တယောတော့ သူ မရောင်းဘူး။

ဒေါ်လေးမြခင်ကတောင် ငယ်ငယ်တုန်းက နားငြီးတယ် ဘာညာနဲ့ ပြောပေမယ့် အခု အသက်ကြီးလာတော့ သူ့ယောက်ျားဟွန်းတယောကြီး မရောင်းရက်တော့ဘူး၊ မပြောရက်တော့ဘူး။ ‘ဒါ တို့ အိမ်ထောင်ဦးပစ္စည်းပါ’ တဲ့၊ ‘မရောင်းပါရစေနဲ့’ တဲ့ ဝင်ပြောဖော်ရနေပြီ။

တစ်နေ့တော့ ရွာကျောင်းက ကျောင်းအုပ်ဆရာကြီးက ဦးလေးကျင်ကို ခေါ်ခိုင်းတယ်။ ရွာကျောင်းက အဲဒီတုန်းက ခုနစ်တန်းကျောင်း။ အလယ်တန်းကျောင်း။ ရွာနီးချုပ်စပ် လေးငါးဆယ်ရွာက ကလေးတွေ သည်ကျောင်းမှာပဲ စုကြရတော့ ကျောင်းသားတွေကိုက မနည်းဘူး။

ဦးလေးကျင်က ဆရာကြီးခေါ်လို့သာ လာရတာ သူလည်း ဘာမှန်းမသိဘူး။ ဦးလေးကျင် ရောက်လာတော့ ဆရာကြီးက ကျောင်းရုံးခန်းထဲမှာ လက်ဖက်ရည်မှာပြီး တိုက်တယ်။ မုန့်လည်း ကျွေးတယ်။ နောက် စကားတွေလည်း ပြောကြတယ်။ ဆရာဝတ် ကျောင်းစိမ်းပုဆိုး တစ်ထည်လည်း ပေးတယ်။

ဦးလေးကျင်က အသက်ခြောက်ဆယ်နား ကပ်ခါမှ ကျောင်းစိမ်းပုဆိုးကြီး ဝတ်၊ သူ့ ဟွန်းတယောကြီး လက်ကကိုင်ပြီး နောက်တစ်နေ့ ညနေပိုင်း ကျောင်းဝင်းထဲ ဝင်လာတော့ ကျောင်းသားတွေ အထူးအဆန်းကို ဖြစ်လို့။

သိပ်မကြာဘူး၊ သက်ဆိုင်ရာ အတန်းပိုင် ဆရာတွေက ကျောင်းသူ ကျောင်းသားတွေကို ရှင်းပြတယ်။ ဦးလေးကျင်ကို တစ်လ ငါးဆယ် ကန်တော့ပြီး ကျောင်းမှာ တယောထိုးဖို့ ငှားလိုက်ပြီ တဲ့။ အဇမ်ဘလီကွင်း လို့ ခေါ်တဲ့ ကျောင်းရှေ့ကွက်လပ်မှာ မနက်တိုင်း ကျောင်းသားတွေစုပြီး ကမ္ဘာမကြေ ဆိုရင် တယောလိုက်ထိုးပေးဖို့ တဲ့။ အဇမ်ဘလီ ပြီးရင် ပြန်ရုံပဲ တဲ့။

ဒါကြောင့် ဒီကနေ့ညနေ တစ်ချိန်စောပြီး ကျောင်းလွှတ်မယ်၊ ပြီးရင် တစ်ကျောင်းလုံးက ကျောင်းသားတွေ ဟွန်းတယောနဲ့ ကမ္ဘာမကြေသီချင်း တိုက်ရမယ် တဲ့။

အဲဒီညနေက ကျောင်းဘေးက ညောင်ကြပ်ပင်အောက်ပင် ကျောင်းသားတွေ စုကြတယ်၊ ကမ္ဘာမကြေ ဆိုကြတယ်။ ဦးလေးကျင် ဟွန်းတယောကြီးကလည်း ဟိန်းထွက်နေတဲ့ အသံတွေအားလုံးကို ကျော်ပြီး စူးထွက်နေတော့တယ်။

မြည်လိုက်တာ မပြောနဲ့တော့။ ကျောင်းသားတွေဆိုတာလည်း ပျော်လို့ပြုံးလို့။ တချို့ကလည်း ကျောင်းစိမ်းဝတ်ထားတဲ့ ဦးလေးကျင်ကြီးကို ကြည့်ပြီး ရယ်မောတဲ့လူက ရယ် ပေါ့လေ။

ဦးလေးကျင်ကတော့ တကယ့်ဆရာတစ်ယောက်လိုကို ဖြစ်သွားတော့တာ။ ခပ်တည်တည်ကြီး။ သူ့ကိုယ်သူလည်း ဂုဏ်ယူနေပုံရတယ်။ သူ့ကို တလေးတစား နေရာပေးတာရော၊ ကလေးတွေအတွက် သူတတ်တဲ့ပညာနဲ့ ဖြည့်ဆည်းပေးရတာကိုပါ ကျေနပ်နေပုံလည်း ရတယ်။

တယောထိုးရင်းက ခဲတံလုံးလောက်ရှိတဲ့ နဖူးကြောကြီးတွေ သုံးလေးကြောင်း ထအောင်ကို ပင့်တင့်ထားတာ။ မျက်ခွံတွေ ပိတ်ထားတာကလည်း မဖွင့်တော့မယ့်ပုံမျိုး။ တစ်ခါ နှစ်ခါ … ဆယ်ခါ … အခါနှစ်ဆယ် … တိုက်ကြစမ်း … ဆိုကြစမ်း … မညီသေးဘူးလား … တိုက်စမ်း ကြိုက်သလောက် … သေပစေ၊ လဲကျသွားပစေ ဆိုတဲ့ပုံမျိုး။

သူ့နဖူးပေါ်မှာ ချွေးသီးချွေးစေးတွေပြန်လာပေမယ့် တစ်ချက်မနားဘူး။ တစ်ချက်ကလေး မတွန့်ဘူး။ မောတယ် လို့ မပြောဘူး။ ကလေးတွေနဲ့ အပြိုင်ပဲ။

နောက်တစ်နေ့မနက်က စပြီး ကျောင်းကို ဦးလေးကျင်လာတယ်။ ကိုင်းကိုင်း ကိုင်းကိုင်းနဲ့ … သူ့ ဟွန်းတယောကြီး တစ်ဖက်က ကိုင်ပြီး တလှုပ်လှုပ် လာတာပဲ။

နည်းနည်းစောရင် ကျောင်းရှေ့က စိန်ပန်းပင်တန်းကလေးရဲ့ အရိပ်အောက်မှာ ခဏနားတယ်။ ကျောင်းသားတွေ တန်းစီတာကို စောင့်တယ်။ ကျောင်းသားတွေ တန်းစီတာကို စောင့်ပြီး ဆရာ၊ ဆရာမတွေ နေရာယူတာကို စောင့်တယ်။ ကမ္ဘာမကြေ ဆိုဖို့ အသင့်ဖြစ်ရင် အလံတိုင်ရှေ့က သူ့နေရာကလေးမှာ သူ သွားရပ်တာပဲ။

တယောကြိုးတွေပေါ်ကို ဘိုးတံ မှေးတင်ထားရင်း အသင့်စောင့်နေတဲ့ အချိန်ကလေးမှာ ဦးလေးကျင်ဟာ တကယ့်ကျောက်ရုပ်ပဲ။ တိုက်ပုံနွမ်းနွမ်းတွေအပေါ်၊ ဖြူရော်ရော် ဆံစတွေ အပေါ်၊ သူ့ရဲ့ ဟွန်းတယောအိုအိုကြီး အပေါ် … ကျနေတဲ့ နေရောင်ခြည်အောက်မှာ သူဟာ တကယ့် ကျောက်ဆစ်သူရဲကောင်း ပုံမျိုးပဲ။

ဒေါင်ခနဲ အချက်ပေးလိုက်လို့ ကမ္ဘာမကြေ စဆိုတာနဲ့ သူ့တယောဘိုးဆွဲသံဟာ အထက်-အောက် တနွဲ့နွဲ့ စီးဆင်းလိုက်-ဆန်တက်လိုက်နဲ့ သူ့တစ်ကိုယ်လုံးမှာ လှုပ်ရှားနေတာဆိုလို့ ညာဘက်လက်နဲ့ လက်ပေါက်တွေကို လိုက်စမ်းနေတဲ့ ဘယ်ဘက်လက်ချောင်းကလေးတွေပဲ။ ကျန်တဲ့ ကိုယ်ခန္ဓာတစ်ခုလုံးက ပကတိ ငြိမ် … ။

ကျောင်းသားတွေကလည်း ဦးလေးကျင့်ဟွန်းတယောကြီးနဲ့ ကမ္ဘာမကြေ ဆိုရတာ သိပ်ခံတွင်းတွေ့တယ်။ သံယောဇဉ်လည်း ဖြစ်ကြရတယ်။ ကမ္ဘာမကြေ ဆိုရမယ့်အချိန်ကိုပဲ မျှော်နေကြတော့တယ်။ သီချင်းပြီးလို့ အတန်းထဲကို ကျောင်းသားတွေ ဝင်သွားကြပြီ ဆိုတာနဲ့ စိန်ပန်းပွင့်တွေ နေရာမလပ်အောင် တရဲရဲကြွေနေတတ်တဲ့ အုတ်စီလမ်းကလေးက ဟွန်းတယောကြီးကိုင်ပြီး တလှုပ်လှုပ် ပြန်သွားတတ်တဲ့ ဦးလေးကျင်ကို ကျောင်းသားတွေက ငေးနေတတ်ာကတယ်။

လကုန်လို့ ဆရာကြီးက ကျောင်းကိုတကူးတကလာပြီး တယောထိုးပေးလို့ အခကြေးငွေရယ် မဟုတ်ဘဲ တစ်နည်းနည်းနဲ့ ပိုက်ဆံပေးရင် ငြင်းတယ် တဲ့။ ဘယ်တော့မှ မယူဘူး တဲ့။ ဒါပေမဲ့ သူ့ဘက်က ဘယ်တော့မှ ဝတ်ပျက်မခံဘူး၊ ရောက်လာတာပဲ။ စိန်ပန်းရိပ်ကို ရောက်လာတာပဲ။ နွေ နွေ … မိုး မိုး … ဆောင်း ဆောင်း … သူ့ ဟွန်းတယောနဲ့ ရောက်လာတာပါပဲ။

တစ်နှစ်ထက်တစ်နှစ် ရင့်အိုလာတဲ့ ဦးလေးကျင်၊ ဟောင်းမြင်းလာတဲ့ သူ့တယောအိုကြီးကို ကျောင်းသားတွေက သိပ်ချစ်ကြတယ်။ ခင်လည်း ခင်၊ လေးလည်း လေးစားကြတယ်။ တလှုပ်လှုပ်နဲ့ ခပ်ကိုင်းကိုင်း လာတတ်ပေမယ့် သူ့တယောသံက ကြောက်စရာကောင်းအောင် ကြည်နွဲ့နေတုန်း၊ စူးစူးသြသြ ရှိတုန်း၊ အားတွေ ပါတုန်း … ။


* * *



(၅)

ပြတင်းဝက မြင်နေရတဲ့လမ်းဟာ မှောင်မည်းတိတ်ဆိတ်လို့။ မိုးစက်တွေက အမိုးကျောက်ပြားပေါ်ကို တဖြောက်ဖြောက် ကျလို့။ လမ်းပေါ်မှာ တစ်နေ့လုံးလိုလို တချွင်ချွင် တဖြောက်ဖြောက် သွားတတ်တဲ့ မြင်းလှည်းတွေလည်း မရှိတော့ဘူး။ မြင်းလှည်းခြူသံလည်း မကြားရတော့ဘူး။ ညဥ့်နက်စပြုပြီ ထင်ပါရဲ့၊ လူရိပ်လူယောင်လည်း တစ်ယောက်မှကို မမြင်တော့တာ။

နှစ်တွေကိုပဲ မနည်းမနော ကြာခဲ့ပြီလေ။ ဘာဖြစ်လို့လဲမသိဘူး၊ မှတ်မှတ်ရရ ဦးလေးကျင်ရဲ့ ဟွန်းတယောသံကြီးကို ကနေ့ည လမ်းမကိုငေးရင်း လွမ်းနေမိတယ်။


(ရသယဉ်စွန်းတန်း မဂ္ဂဇင်း၊ အမှတ်-၁၊ ၁၉၉၁ ခုနှစ်၊ ဇွန်လ။)


* * * * *
 
ကြော်ငြာလှည်း


(၁)

အရင်လိုပါပဲလေ … မြစ်ဆိပ်က တက်ရင် ရွာဘက်ကိုသွားမယ့် မြင်းလှည်းအုပ်စုကလေးတစ်ခုကို တွေ့မယ်။ တစ်စီးစီးပေါ် တက်ပြီးလို့ လူစုံရင် ‘ဟ … ဒီမြင်းမဟာ … ’ ဆိုတဲ့အသံနဲ့ မြင်းလှည်းကလေး ထွက်မယ်။ နာမည်ကျော် သံကိုင်းနဲ့ ကုန်းဇောင်း လမ်းကို ခနော်ခနဲ့ ဒယီးဒယိုင်နဲ့ မိနစ်လေးဆယ်လောက် ဖြတ်မယ်။

မြင်ရတဲ့အိမ်တွေ အားလုံးဟာလည်း အရင်ကအတိုင်းပဲ။ ဘာမှ ပိုထူးလာတာ မရှိဘူး။ အဲသည်မှာ မြင်နေကျမြင်ကွင်းကလေးတွေကတော့ သွေးနွေးစရာကောင်းတာ အမှန်ပါ။

ပထမဆုံး မြစ်ထဲကိုရေဆင်းတဲ့ ရိုးချောင်း ဇောက်နက်နက်ကို တွေ့မယ်။ သူနဲ့ကပ်လျက်က မြစ်ဘက်ကို မျက်နှာလှည့်ထားတဲ့ အညာဘုန်းကြီးကျောင်းအိုကြီး တစ်ကျောင်း။ နောက်တော့ မြင်ကွင်းထဲမှာ ကန္တာရပင်ပုကလေးတွေ၊ ထနောင်းပင်ကြီးတွေ၊ ငွေရောင်မြားတံတွေပွင့်တတ်တဲ့ ကိုင်းပင်ရိုင်းရိုင်းတွေကို ဖြတ်ပြီးရင်တော့ မြင်းလှည်းက ခရီးရဲ့ သုံးချိုးတစ်ချိုးလောက်ကို ကျော်ခဲ့ပြီ ဆိုတာ သိနိုင်ပြီ။

သံကိုင်းနဲ့ ကုန်းဇောင်း သွားတဲ့လမ်းက တခြားသူတွေအတွက် ဘာမှ သိပ်ထူးခြားမှာ မဟုတ်ပေမယ့် ကျွန်တော့်အဖို့တော့ သည်မြင်ကွင်းကလေးကို တွေ့ချင်လွန်းလို့၊ ခံစားချင်လွန်းလို့ ဘယ်တော့မှ အလွတ်မခံဘူး။

မြင်းလှည်းပေါ်က အညာသူတွေရဲ့ တစ်ဖက်ကမ်းက ရေနံချောင်းဈေး၊ ရန်ကုန်ဈေး အကြောင်းတွေ၊ မကွေးမှာ က,သွားတဲ့ ဇာတ်ပွဲအကြောင်း၊ ပဲကြောင်း၊ နှမ်းကြောင်း၊ ဝါဈေးအကြောင်း၊ ကျောင်းတော်ရာဘုရားပွဲအကြောင်းတွေကို နားကကြားနေရပေမယ့် စိတ်မဝင်စားနိုင်ဘူး။ မြင်ကွင်း အကွက်အကွက်ကလေးတွေကိုပဲ လိုက်ကြည့်နေမိတယ်။

သည်လမ်းမှာ အလှပဆုံးက ထနောင်းပင်ကြီးတွေပါ။ ပင်စည်တွေက ဝါဝင်းနေပြီး အညာနေ ပူပူထဲမှာ စိမ်းရင့်ရင့်အရွက်တွေက မြင်ကွင်းခြောက်ခြောက်ထဲမှာ ထင်းခနဲ ကြွထနေတတ်တယ်။

ပြည်တောင်းလောက်ရှိတဲ့ ကျောက်တုံး ကြမ်းကြမ်း လမ်းပေါ်ကို မြင်းလှည်းက သွားရတာ ဆိုတော့ ဘီးက ကျောက်တုံးပေါ် တည့်တည့်တက်သွားလိုက်၊ ဂလုတ်ခနဲ ချော်ကျလိုက်၊ ဖြည်းဖြည်းကလေး ရုန်းလိုက်၊ အလိုက်သင့်ကလေး ပြေးလိုက်နဲ့ စီးရတဲ့အရသာကလည်း အရင်နှစ်ပေါင်းများစွာကနဲ့ သိပ်မထူးလှပါဘူး။

ခပ်နိမ့်နိမ့် ထနောင်းကိုင်းတွေက မြင်းလှည်းအမိုး တာပေါ်လင်စကို ဗြိခနဲ ဗြိခနဲ ကုတ်ခြစ်လိုက်တဲ့ အသံတွေကလည်း အရင်ကအတိုင်းပဲ။

ကုန်းဇောင်းရွာထဲ ဝင်ခါနီးကျတော့ မြင်ကွင်းက ကျယ်ပြန့်သွားပြီ။ အရှေ့ဘက် အနားသတ်မျဉ်းက ဧရာဝတီမြစ်ရိုး။ အနောက်ဘက်က ငှက်ပျောတောညို့ညို့၊ အဝေးက တိမ်အုပ်ဖြူဖြူနဲ့ ဆန်စက်မီးခိုးတွေ ရောထွေးနေတတ်တာလည်း ရှိရဲ့။

ဖွဲပြာမှုန့်တောင်ကုန်းတွေ ဝိုင်းနေတတ်တဲ့ စက်တန်း (ဆန်စက်တွေ တန်းစီ ရှိနေလို့) ရပ်ကွက်ကို ရောက်တော့ မြင်းလှည်းက လမ်းမပေါ်ကို ရောက်စပြုပြီ။ ရွှံ့တွေပေနေလို့ မနည်းဖတ်ရတဲ့ ‘ကုန်းဇောင်းမြို့မှ ကြိုဆိုပါ၏’ ဆိုတဲ့ ကွန်ကရစ်ဆိုင်းဘုတ်ကလေးက သူ့ဘေးက သက်ငယ်မိုး ဝါးတဲကလေးတွေကို သိပ်သဘောမတွေ့တဲ့ပုံနဲ့ ငူငူကြီးရပ်လို့။

အဲဒီကမှ ရွာထဲဝင်လာတော့ အနောက်ဘက်မုန်းချောင်းက အရှေ့ဘက်ဧရာဝတီမြစ်ထဲကို ဖြတ်သွယ်ထားတဲ့ ဆည်မြောင်း လက်တံ မြောင်းကြီးကို တွေ့မယ်။ စိုက်ချိန်ပျိုးချိန်မို့ မြောင်းမကြီးတွေ ရေရရှိတဲ့ အခါလည်း ရှိ၊ ရေမလွှတ်လို့ ခြောက်တဲ့အခါလည်း ခြောက် ပေါ့လေ။

အညာရွာကလေးတစ်ရွာမှာ ရှားတောင့်ရှားပါး ရေများများ ထုနဲ့ထည်နဲ့မြင်နိုင်တဲ့ နေရာကလေးပေါ့။ မြောင်းပေါင်က လှမ်းကြည့်ရင် သရက်ပင်တန်း၊ အကြော်ဆိုင်တန်း၊ နောက် ကြံရည်ဆိုင်ကလေး၊ နောက် ပျစ်ချွဲနေအောင် ဖျော်တတ်တဲ့ လက်ဖက်ရည်ဆိုင်ကလေး။

မြင်းလှည်းက မြောင်းကူးအုတ်တံတား ကုန်းမြင့်မြင့်က ဆက်ဆင်းလာရင် ညာဘက်မှာ ကွက်လပ်ကျယ်ကြီးတစ်ခု။ အရင်က သည်နေရာမှာ ရုပ်ရှင်ပြနေကျလေ။ အဲသည်တုန်းက လျှပ်စစ်မီးမရှိ ဘာမရှိနဲ့ နေခဲ့ရတဲ့ သည်ရွာကလေးမှာ အင်ဂျင်မီးစက်နဲ့ပြလို့ရတဲ့ ရုပ်ရှင်ကားတွေ သည်နေရာမှာကြည့်ခဲ့ရတာ ဘယ်နည်းမှာလဲ။

ဝိမာန၊ ဝရမ်းပြေးဘိုးသိန်း၊ ရှင်မအောင်ဖြူ၊ လူရိုးလူမိုက်၊ ကြွေတစ်လက် ကြက်တစ်ခုန်၊ တောကဖိုးတုတ် … အများကြီးမှ အများကြီး၊ မှတ်တောင် မမှတ်မိချင်တော့ဘူး။ အခုတော့ ဘာမှမရှိပြန်ဘူး။ မြက်ပင်တစ်ပင်မှ မပေါက်တဲ့ ကွပ်လပ်ပြောင်ပြောင်ကြီးပဲ ရှိတော့တယ်။ ဘာရုပ်ရှင်မှလည်း မပြတော့ဘူးနဲ့ တူပါရဲ့။

အညာကိုလာတိုင်း၊ သည်နေရာကလေးကို တွေ့တိုင်း ငယ်ငယ်က အကြောင်းတွေကို ထိထိခိုက်ခိုက် ခံစားရတယ်။ မြင်းလှည်းနဲ့ ဖြတ်သွားတိုင်းလည်း အမှတ်တရ ငုံ့ကြည့်နေကျ။ အစတုန်းကတော့ သည်နေရာမှာ ဆီးတော်ပင်ကြီးတွေ အများကြီးရှိတဲ့နေရာပေါ့။

ဆီးပင်တွေအောက်မှာ ဆီးသီးကောက်ရင် ကောက်၊ ကစားရင် ကစား၊ ဆီးရိပ်မှာ တစ်နေကုန် တစ်နေခန်းရှိနေတတ်တဲ့ ကျောင်းသားတွေကို ဆရာကြီးက လာလာချောင်းတတ်တယ်။ အဲဒီအခါ ပြေးကြ၊ လဲကြ၊ အရိုက်ခံကြရ … နောက်တော့ ဒီခြံကြီးကိုဝယ်တဲ့လူက ဆီးပင်တွေ ခုတ်လှဲပစ်တယ်။

တိုက်တိုက်ဆိုင်ဆိုင် ဆီးပင်တွေခုတ်လှဲတဲ့ လက ဆီးသီးတွေ ခဲနေအောင် သီးတဲ့လကြီး။ တစ်ကျောင်းလုံးက အရိပ်ခိုရတဲ့ ဆီးတောကြီး ပြိုလဲသွားတော့ ဝမ်းနည်းလိုက်ရတာ မပြောနဲ့တော့။

နောက်တော့ သည်နေရာကလေးမှာပဲ ရိုင်ပတ်တွေကာပြီး ရုပ်ရှင်ပြတယ်။ စက်တစ်လုံးတည်းနဲ့ပြတဲ့ ရုပ်ရှင်စက်က ညစ်ထည်းထည်း ခပ်စုတ်စုတ်ပေမယ့် ဒီရွာကလေးမှာတော့ ခေတ်မီနေရတာပေါ့လေ။ စလင်း၊ ဆင်ဖြူကျွန်း စတဲ့ ဒေသတွေမှာ ဖန်တရာတေအောင် ပြခဲ့တဲ့ ဇာတ်ကားဟောင်းတွေပေမယ့် ဒီရွာကလေးမှာ ဇာတ်ကားသစ် ဖြစ်နေပြန်ရော။

မြင်းလှည်းပေါ်က ဖျတ်ခနဲမြင်လိုက်ရတဲ့ နေရာကလေးက အတွေးစများစွာကို ခေါ်ဆောင်လာခဲ့ပြန်တယ်။

* * *
(၂)

ရွာမှာ ရုပ်ရှင်ပြပြီ ဆိုရင် အင်မတန်ပျော်တယ်။
သည်ရွာကလေးမှာ မြို့နဲ့အဆက်အသွယ်ရှိတဲ့ လူကလွဲလို့ ရုပ်ရှင် လို့ ဘယ်သူကမှ မခေါ်ဘူး။

ဘိုင်စကုတ် တဲ့ …

‘ရန်ကုန်က ဘိုင်စကုတ်သမားတွေ ရောက်လို့တဲ့တော့်’ ဆိုတဲ့ အရီးစိန်မယ်ရဲ့ မောင်းသတင်းက မပြခင် နှစ်ရက်လောက်ကတည်းက ကြားနေရတာ။ သူ့သား ခင်ဦးက ဘိုင်စကုတ်အဖွဲ့လာရင် တောက်တိုမည်ရ ခေါ်ခိုင်းနေကျကိုး။

အဲသည်တုန်းက ရွာမှာတစ်လုံးတည်းရှိတဲ့ ဥပသကာအဖွဲ့ပိုင် အသံချဲ့စက်ကို ဖွင့်တဲ့ ဦးလေးစိန်ကလည်း အလုပ်များနေရပြီ။ ဘိုင်စကုတ်အဖွဲ့မှာ ဓာတ်စက်တစ်လုံး အပိုပါပေမယ့် ရွာကစက်ကိုလည်း ငှားလေ့ရှိတယ်။

ကျွန်တော်တို့ ကလေးတွေကလည်း အိမ်မပြန်နိုင်တော့ဘူး။ ထမင်းမဆာတော့ဘူး။ ဦးလေးစိန် ခါးကြားက သော့နဲ့ ဓာတ်စက်သေတ္တာ ဖွင့်မယ့်အချိန်ကိုပဲ စောင့်နေကြရတာ။ သော့ဖွင့်လိုက်လို့ ဓာတ်ပြားတွေ စီစီရီရီတွေ့ရရင်ပဲ ဝမ်းတွေသာလို့။

ရေကင်းဘောက်ပြား ကောက်ရိုက်ပြီးရင် ပထမဆုံး ‘ရှာပုံတော်ကျူး … ကျူးလို့ပင် … ’ ဆိုတဲ့ အကော်ဒီယံအုန်းကျော်သီချင်း စဖွင့်တော့မယ်ဆိုတာ ကျွန်တော်တို့ ကလေးတွေ သိပြီးသား။ ဦးလေးစိန်က အကော်ဒီယံအုန်းကျော်ကို သိပ်ကြိုက်တယ်။

မိုးလုံးပတ်လည်ထဲက ‘ရွှေမိုး အမ္ဗုန်ရယ် … မရွာပါနဲ့ဦးလို့ တောင်းပန်ပါတယ်လေ … ’ ဆိုတဲ့စာသားက အညာနဲ့ သိပ်မကိုက်ပေမယ့် ရွာကလည်း ဒီသီချင်းကို သဘောကျကြတယ်။

ဘိုင်စကုတ်ရုံဘက်က စက်ဖွင့်ရင် ဈေးသည်တွေက ဈေးသိမ်းချင်ပြီ။ ကောက်သင်းကောက်၊ ပဲနုတ်သူတွေကလည်း စောစောပြန်ချင်ပြီ။ ဘိလိယက်ခုံက၊ ဘုံဆိုင်က၊ ထန်းရည်ဆိုင်က၊ လက်ဖက်ရည်ဆိုင်က ဦးကြီးဘကြီးတွေကလည်း ကိစ္စစောစောသိမ်းကြပြီ။

ဘိုင်စကုတ်ဆရာတွေကလည်း မပြခင်တစ်ရက်လောက်က မီးစက်တွေဘာတွေ စမ်းလို့၊ ကာဗွန်လေးဘာလေး ချိန်လို့။ ပိတ်ကားလေး ဘာလေး ချိတ်ပြီးတာနဲ့ နောက်တစ်နေ့ ရွာက မြင်းလှည်းတစ်စီး ငှားတော့တာပဲ။

ပင်တိုင်ငှားနေကျက ဦးကျောက်မောင်းမြင်းလှည်း။ ဦးကျောက်မောင်းကြီးကလည်း ဘိုင်စကုတ်ဝါသနာအိုး။ မင်းသားကြီးရွှေဘဆို အသည်းစွဲ။ ရွှေဘနဲ့တွေ့ဖို့ (ရန်ကုန်သွားဖို့) ပိုက်ဆံစုနေရတယ် လို့ လူထူရင် ပြောပြီ။ ဟုတ်တာမဟုတ်တာ ဘေးချိတ်၊ ရန်ကုန်မှာ ရွှေဘနဲ့တွေ့ခဲ့တယ် လို့များ ဆိုရင် အဲဒီလူကို အိမ်ခေါ် ထမင်းဖိတ်ကျွေးတော့တာ။ ရွှေဘနဲ့ စကားပြောခဲ့ရတယ် ဆိုရင်တော့ အဲဒီလူ တစ်ပတ်လောက် အိမ်မပြန်ခိုင်းတော့ဘူး။ ထမင်းကျွေး၊ အရက်တိုက်၊ အဲသလောက်ကို ကြိုက်တာ။ ဘိုင်စကုတ်အဖွဲ့က သူ့မြင်းလှည်းငှားတယ် ဆိုရင်တော့ စဉ်းစားသာကြည့်တော့။ ရွှေဘကား ဆိုရင်တော့လည်း ခြေထောက် မြေမကျတော့ဘူး။

“ငါ့ချီး … ညကျရင် ရွှေဘကြီး ဘယ်လိုများ ချဦးမှာလဲ မသိဘူးဟ … ”

လို့ တစ်မနက်လုံး မြင်းလှည်းတပ်ကတည်းက တဖွဖွ ပြောနေတတ်တာ။ ရုံရှေ့က ဘုတ်ပြားမှာ အနားတွေစုတ်နေတဲ့ ဇာတ်ဝင်ဓာတ်ပုံတွေ ချိတ်တာလည်း သူပဲ။ ကနီ၊ သာစည်ဘက်က ထန်းရည် မှာတာလည်း သူပဲ။ မြင်းလှည်းဘေးနှစ်ဖက်က တဖျပ်ဖျပ်လှုပ်ရှားနေတဲ့ ဇာတ်ကားနာမည်ပိတ်စ ချိတ်တာလည်း သူပဲ။ အဲသလိုများ လုပ်နေရရင် မြင်းစာကျွေးဖို့ မေ့၊ မြင်း ရေတိုက်ဖို့ မေ့၊ သူကိုယ်တိုင် ထမင်းစားဖို့လည်း မေ့နေတတ်တဲ့လူမျိုး။ မနက်စောစော ရွာခိုင်ရွာလောက်၊ အနောက်ကိုင်းရွာလောက်ကို ကြော်ငြာတွေတစ်ထပ်ကြီးတင်ပြီး မြင်းလှည်းစထွက်တယ် ဆိုရင်ပဲ သူ့မျက်နှာက လှည်းဦးမှာ ပြုံးပြုံးကြီး။

ဦးလေးစိန်ကလည်း သူ့ရဲ့ နာမည်ကျော် ‘ရှာပုံတော် ကျူး … ကျူးလို့ပင် … ’ ကို ဖွင့်ပြီး ရွာထဲကဖြတ်မောင်းသွားရင် တယ်ရင်ဖိုရတာကိုး။

* * *
(၃)

ရွာအနောက်ဘက်သင်္ချိုင်းအစပ်လောက်က ဘိုင်စကုတ်ကြော်ငြာလှည်း အသံကြားရင် အိမ်ရှေ့လမ်းပေါ် ကျွန်တော်တို့ ရောက်နေကြရပြီ။ မြင်းလှည်းပေါ်က ကြဲချမယ့် ကြော်ငြာစာရွက် တောင်းရမှာလေ။ ဘောင်းဘီဝတ်ထားရင်လည်း ဘောင်းဘီကို မ,တင်၊ ပုဆိုးနဲ့ဆိုရင်လည်း ပုဆိုးကို တိုတိုပြင်ဝတ် ပေါ့။

ကလေးတစ်ရာလောက်ကို ကြော်ငြာစာရွက် တစ်ရွက်နှုန်းလောက် စွန့်ကြဲပေးသနားမယ့် ကြော်ငြာစာရွက်ဟာ ကံကောင်းထောက်မရင် ကိုယ်ရနိုင်တာပဲ မဟုတ်လား။ ဘာပဲဖြစ်ဖြစ် မျှော်လင့်ခွင့်တော့ ရှိသေးတာပဲ။

လုရင်းလိုက်ရင်း စုတ်ပြဲသွားတဲ့ ကြော်ငြာပေမယ့် စက္ကူနဲ့ဖာပြီး ထရံမှာကပ်ထားရရင်ပဲ လာလာကြည့်ကြတဲ့ လူတွေက နည်းတာမှ မဟုတ်တာ။ ကြော်ငြာစာရွက်ရတဲ့ကလေးက အဲဒီနေ့ ထမင်းမစားတော့ဘူး၊ ပျော်လို့။ တစ်ခါတလေ လုရင်းက သူတစ်ခြမ်း ကိုယ်တစ်ခြမ်း ဖြစ်နေပေမယ့် သဘောထားကြီးကြီးနဲ့ တစ်ယောက်ကိုတစ်ယောက် ပေးချင်ကြတာမှ မဟုတ်တာ။

ကြော်ငြာထဲမှာပါတဲ့ ဓာတ်ပုံ ခပ်မှိန်မှိန်ကို ကြည့်ပြီး ဇာတ်ကားတစ်ခုလုံးကို နေ့ခင်းကတည်းက ပုံဖော်ရတာကလည်း အရသာပဲ။ ကြော်ငြာထဲမှာ ထိုးခန်းကြိတ်ခန်းပါပေမယ့် တကယ်ပြတော့ ပါချင်မှပါတာ။ တစ်ခါတလေ ကြော်ငြာထဲမှာ မင်းညီမင်းသားအဝတ်အစားနဲ့ တွေ့ရပေမယ့် (အိပ်မက်ခန်း ထိုးဇာတ်တွေ ဖြစ်မှာပေါ့လေ) ပြတော့လည်း ပါချင်မှပါပြန်ရော။

အနယ်နယ်အရပ်ရပ်မှာ အဖန်တစ်ရာတေအောင် ပြခဲ့တဲ့ ရုပ်ရှင်ဖလင်တွေ မီးလောင်လို့၊ ဖြတ်ပစ်လိုက်ရလို့ ဟောင်းမြင်းစုတ်ပြတ်သွားလို့ ဇာတ်ဝင်ခန်းတော်တော်များများ လျော့သွားတတ်တာ ငယ်ငယ်တုန်းက ဘယ်သိမှာလဲ။

တစ်ခါတလေ တစ်ခန်းနဲ့တစ်ခန်း အဆက်အစပ်မရှိရင်၊ ကြော်ငြာစာရွက်ထဲကအကွက် တစ်ကွက်တလေ ပါမလာရင် ‘ကားမခိုးနဲ့ဗျို့ … ’ လို့ အော်ရတာ ရင်ထဲပေါ့သွားရတာ အမှန်ပဲ။

“ကုန်းဇောင်းရွှေမြို့တော်ကြီးက ရုပ်ရှင်ကြည့် ဝါသနာအိုးများအတွက် မြနဒီ ရုံတော်မင်္ဂလာကြီးမှာ ယနေ့ည ရုံတင်ကာ ပြသမယ့် ဇာတ်ကားကတော့ ဝရမ်းပြေးဘိုးသိန်း … ဝရမ်းပြေးဘိုးသိန်းအဖြစ် ဘယ်ပုံဘယ်နည်း ရောက်သွားရတာလဲ ဆိုတာကိုတော့ ပြည်တော်ချစ်မင်းသားကြီး ရွှေဘ … ဟုတ်ကဲ့ … လူထုရဲ့ ရွှေဘကြီးက ယနေ့ညပဟေဠိကို အဖြေညှိပါလိမ့်မယ်ခင်ဗျ။ ဘယ်လိုများ ကြမ်းကြမ်းရမ်းရမ်း အသုံးတော်ခံမလဲ ဆိုတာ ကနေ့ည အကဲဖြတ်လှည့်ကြပါဦးလို့ … နော် ခင်ဗျာ”

ဟော … ဦးကျောက်မောင်းကြီးရဲ့ ကြော်ငြာလှည်းအသံ။
တောက် … ကောင်းလိုက်မယ့် ကား။
ဝရမ်းပြေးဘိုးသိန်း တဲ့ …
တို့ ရွှေဘကြီးကတော့ …
ရင်ထဲမှာ တလှပ်လှပ် …
မြင်းလှည်းကိုတော့ မမြင်ရသေးဘူး။
အသံက ညောင်ပင်ကွေ့လောက်က အသံ …
ကွေ့ကျော်ရင် ရောက်လာတော့မှာ … ရောက်လာတော့မှာ … ရောက်လာတော့မှာ …
တွေ့ပြီ …
ဟွန်းထိပ်က ဥပသကာအဖွဲ့ ဆိုတဲ့ စာလုံးတွေကို တွေ့ရပြီ။ မြင်းလှည်းဦးက ကြေးခေါင်းလောင်းကို တခွမ်ခွမ် ခေါက်လိုက်၊ ကြော်ငြာတွေ ကြဲချလိုက်၊ မြင်းဇက်ကြိုးကို ထိန်းလိုက်နဲ့ … ဦးကျောက်မောင်းကြီး။

ပါးစပ်ကလည်း မက်နဲ့အော်လိုက်သေးတယ်။
လက်ထဲမှာလည်း ကြော်ငြာတွေ တစ်ထပ်ကြီးနဲ့။
လေတိုက်လို့ ဘေးနှစ်ဖက်ကို ကားခနဲ ကားခနဲ ဝဲပျံနေတဲ့ ဇာတ်ကားပိတ်စကလည်း လက်ယပ်ခေါ်နေသလိုပဲ။

ကုန်းဇောင်း ရွှေမြို့တော်ကြီးတဲ့ …
သည်ရွာကလေးကို သည်လိုသုံးနှုန်းတာ ဦးကျောက်မောင်းကြီးရဲ့ ဉာဏ်တွေပဲ နေမှာ။ သူက အပြောကောင်း အဟောကောင်းလေ။ သက်ငယ်မိုး၊ ဝါးထရံကာ၊ ဖုန်တသောသောနဲ့ ရွာကလေးကို ရွှေမြို့တော်ကြီး တဲ့။

ရွာက လူကြီးတွေက ပြုံးတယ်။
အဖေကတော့ ‘တတ်လည်းတတ်နိုင်တဲ့ ငရူး … ’ တဲ့။
ဦးကျောက်မောင်းကြီး စိတ်ကူးရရင်ရသလောက် ကြဲချသွားတဲ့ (မိန်းကလေးထူထူဆိုရင် တော်တော်များများ ကျတတ်တယ်) ကြော်ငြာစာရွက်လောက် ရရင်ပဲ အိမ်ထဲကို အော်ပြေးလာပြီး တစ်ထိုင်တည်း ထိုင်ဖတ်ပစ်လိုက်တာပဲ။

အဘွားကတောင်မှ ‘ဟဲ့ … ကျယ်ကျယ်ဖတ်ပါဟဲ့ … နင် တစ်ကိုယ်ကောင်းမဆန်နဲ့ … ’ ဆိုပြီး ကြော်ငြာကို လုသေးတာကလား။

“ကိုင်း … ကနေ့ညမှာတော့ဖြင့် ပုလိပ်မောင်တင်နဲ့ ဝရမ်းပြေးဘိုးသိန်းတို့ရဲ့ သူနိုင်ငါနိုင် အပြိုင်ကြဲကြပုံများ ရှုစားလှည့်ကြပါ လို့ … အချိန်ဆွဲပြီး ထဘီလဲမနေကြဘဲ၊ အချိန်မဖြုန်းဘဲ တစ်အိမ်လုံးကြွခဲ့ကြပါ လို့ … ”

ကြော်ငြာလှည်း ဝေးသွားတော့မှ ရင်လည်း ငြိမ်တော့တယ်။ ဦးကျောက်မောင်းအော်သံကိုက ကြည့်ချင်စရာ။

ဘိုင်စကုတ်အဖွဲ့ ရွာကိုရောက်စက ဦးကျောက်မောင်းကြီးက လှည်းမောင်းရုံသက်သက်ပါ။ ကြော်ငြာလှည်း လိုက်ရုံပဲ။ နောက်တော့ ရန်ကုန်က စက်ဆရာတွေနဲ့ တွဲပါများလာတော့ သူ့ကို သင်ပေးတယ်၊ စမ်းစမ်းပြီး အော်ခိုင်းတယ်။ နောက်တော့ စက်ဆရာတွေတောင် မလိုက်တော့ဘူး။ ဦးကျောက်မောင်းကြီးနဲ့ လွှတ်ထားတော့တာပဲ။ တစ်ခါတစ်ခါ ဦးကျောက်မောင်းညွှန်းသလောက် ဇာတ်ကားက ကောင်းတာမဟုတ်ဘူး။ မဟုတ်တာတွေရော ဟုတ်တာတွေရော သောကောရောကော ကြော်ငြာတော့တာ။

ညဘက် ရုံထဲရောက်တော့ ဦးကျောက်မောင်းကြီး ကြော်ငြာတာနဲ့ တခြားစီ။ ဒီတော့ ဦးကျောက်မောင်းကြီးကို ရွာက မယုံတော့ဘူး။ မယုံပေမယ့် သည်ရွာကလေးကို လေးငါးနှစ်မှ တစ်ခါ ဆိုသလို လာတတ်တဲ့ ဘိုင်စကုတ် ဆိုတော့လည်း ကြည့်ကြရတာပဲ။ လိမ်မှန်းသိပေမယ့်လည်း သည်းခံရတော့တာပဲ။

ပိုဆိုးတာက ဦးကျောက်မောင်းကြီးက အပိုတွေ ထည့်အော်တာပဲ။ အသစ်ရောက်ရှိလာတဲ့ ရုပ်ရှင်စက်သစ်ကြီးနဲ့ ပြမှာ တဲ့။ တောက်တိုမည်ရခိုင်းတဲ့ ကိုခင်ဦးကို မေးကြည့်တော့လည်း ‘အလကားပါ’ တဲ့၊ ‘မရောက်ပါဘူး’ တဲ့၊ ‘အရင်စက်ဟောင်းပဲ’ တဲ့ …

တုန်တဲ့အခါ တုန်၊ မှုန်တဲ့အခါ မှုန် (အမြဲ မှုန်တာပါပဲ) တစ်ခါတစ်ခါ ဇောက်ထိုး၊ တစ်ခါတစ်ခါတော့ ဖလင်က ခွနေသေးတယ်။ အရုပ်ပေါ်တာက အပေါ်တစ်ဝက် အောက်တစ်ဝက်၊ တစ်ခါတစ်ခါတော့လည်း ခါးတစ်ပိုင်း ခေါင်းတစ်လုံးတည်း ပေါ်နေလေရဲ့။ နောက်မှ ပြန်ချိန်၊ တစ်ပိုင်းပြီးရင် တစ်ပိုင်း ရပ်၊ ဖလင်ထည့် ပြန်ပြ …

ပြတာကလည်း ကြည့်ဦး …
ည ရှစ်နာရီတိတိမှာ ပြမယ် ဆိုတဲ့ ဘိုင်စကုတ်ဟာ ည ဆယ်နာရီထိုးလောက်မှ ရေကင်းရိုက်တာ။ ရေကင်းကလည်း ဓာတ်ပြားနှစ်ဖက်စလုံး ကုန်အောင် စိမ်ရိုက်နေတာ … မပြီးနိုင်တော့ဘူး။ အလံတော် စပြလို့ နမူနာတစ်ပိုင်းလောက် ထိုးပြီးရင် မီးတွေပြန်လင်းပြီး ရေကင်းရိုက်ပြန်ရော။ လူတွေကတော့ သည်းခံကြပါတယ်။ ရုံထဲရောက်နေပြီကိုး။ ပြပြန်တော့လည်း စက်ပျက်လို့၊ ဖလင်ပျက်လို့၊ မီးလောင်လို့၊ ကားပိုင်းတွေမှားနေလို့၊ ဖလင်အတည့် မရစ်ရသေးလို့နဲ့ အကြာကြီး။

စောင့်ပေဦး …
ကျွန်တော်တို့ ကလေးတွေက နေ့လယ်နေ့ခင်း ရုံပေါက် သွား သွား ကစားတာ ကြာလာတော့ ဘိုင်စကုတ်အဖွဲ့က လက်ဖက်ရည်လေး ဝယ်ခိုင်း၊ ကြံရည်လေး ဝယ်ခိုင်းနဲ့ တစ်စတစ်စ ရင်းနှီးလာတယ်။ တဖြည်းဖြည်းနဲ့ စက်ခန်းပေါ်တက်ခွင့် ရလာတယ်။ စက်ခန်းထဲ ဝင်ခွင့်ရတာက တကယ့်အခွင့်အရေးကြီး။ ကံကောင်းရင် ပြတ်နေတဲ့ ဖလင် တစ်ပေစ နှစ်ပေစလောက် ရနိုင်တယ်လေ။

ညဘက်ကျတော့လည်း ရုံဝင်ခ ပေးစရာမလိုဘူး။ ဟန်ကိုကျလို့။ ဒါပေမဲ့ ဟန်မကျတာက ဦးလေးကျောက်မောင်းကြီး။ စက်ခန်းထဲမှာ အရက်သောက်နေတာတို့၊ မူးလဲနေတာတို့၊ ဖဲရိုက်နေတာတို့၊ မိန်းမတွေနဲ့တွေ့နေရတာတို့ အဖေ့ကိုပြောပြတော့ …

“ဒီကောင် ပျက်ပြီ” တဲ့ …

မြင်းလှည်းတောင် မှန်မှန်မမောင်းချင်တော့ဘူး။ ကြော်ငြာလှည်း သက်သက်လောက်ပဲ သုံးတော့တယ်။ ရုံရှေ့ တမာပင်ရိပ်မှာ သူ့လှည်းကို မြင်းဖြုတ်ပြီး လက်တံနှစ်ဖက် ထောင်ထားလိုက်တာ တစ်နေကုန်။

* * *
(၄)

မြင်းလှည်းက ဘိုင်စကုတ်ရုံရှေ့ ကွက်လပ်ကို တော်တော်ကျော်တော့မှ အတွေးပြတ်တော့တယ်။
သာသနာ့ဗိမာန်ကိုတောင် တွေ့နေရပြီပဲ။

“ဆရာကြီး က မြင်းလှည်းမောင်းတာ ကြာပြီလား”

မြင်းလှည်းဆရာကို ဦးကျောက်မောင်းကြီးအကြောင်း မေးချင်လို့ စကားစကြည့်လိုက်တယ်။

“အင်း … လေး ငါး ဆယ်နှစ်လောက်တော့ ရှိပါပြီဗျာ။ ဆရာလေးက ဒီရွာကလား … မဟုတ်ဘူးထင်ပါရဲ့”

“ဒီရွာသားပါ။ ရန်ကုန်ကိုရောက်နေတာ ကြာပြီ။ အခု လာလည်တာပါ။ မြင်းလှည်းမောင်းတဲ့ ဦးကျောက်မောင်းကြီးကို သိလား”

“ဟာ … သိတာပေါ့ဗျာ။ ရွာမကြီးထဲက ကိုကျောက်မောင်း၊ ဆုံးသွားပါပြီ”

“သြော် … ဆုံးသွားပြီလား”

“ကြာပြီ ဆရာလေးရဲ့ … အရက်သောက်တာက မတရားပဲ၊ သိပ်ဆိုးတာပေါ့။ သေတဲ့အထိ ရွာကို ဒုက္ခပေးသွားတာကော … ”

“သြော် … ”

“အစကတော့ လူကောင်းပါ။ မြို့က ဘိုင်စကုတ်ဆရာတွေနဲ့ တွဲမိတော့မှ ပျက်တာ”

“သူက အပြောကောင်းအဟောကောင်း ဆိုတော့ သူ့ခြေသူ့လက်ချည်းပဲ ဆိုပါတော့”

“ဟုတ်ကဲ့ … ”

“ဘိုင်စကုတ်တွေ ရွာမှာမပြဖြစ်တော့ သူလည်း အရက်စွဲ၊ ဖဲစွဲ၊ ထန်းရည်စွဲ ကျန်ရစ်ခဲ့ရော”

မြင်းလှည်းနောက်က မုန်းဆိပ်၊ ရှောက်တော ဘက် သွားမယ့် အမျိုးသမီးတွေကလည်း ငြိမ်လို့။ မြင်းလှည်းဆရာ့စကားကို နားထောင်နေကြပုံရတယ်။

“နောက်တော့ အရက်မူးရမ်းတာတို့၊ ရန်ဖြစ်တာတို့၊ ပေါင်းပင်မှာ နွားခိုးပေါ်တာတို့ … စုံလို့ပါဗျာ၊ မကောင်းတာမှန်သမျှ အကုန်လုပ်တာပါပဲ”

“သြော် … ”

ငယ်ငယ်ကတည်းက မြို့ရောက်နေတဲ့ ကျွန်တော်ကတော့ ဒါတွေထိ မသိတော့ဘူးလေ။ ကြော်ငြာလှည်းထိပ်က လေကောင်းကောင်းနဲ့ ကြော်ငြာတတ်တဲ့ ဦးကျောက်မောင်းကြီး မျက်နှာကို သတိရနေမိတယ်။

“ဒီလိုနဲ့ ရွာကလည်း မခံနိုင်တော့ဘူး။ ဘယ်သူမှလည်း အဖက်မလုပ်တော့ဘူး။ မြင်းတွေ ထုတ်ရောင်း၊ အိမ်တွေ ထုတ်ရောင်း၊ စီးပွားရေးတွေကျ၊ စုတ်ပြတ်သတ်သွားတာပဲ ဆရာလေးရာ … ဒါပေမဲ့ မြင်းလှည်းအိမ်ကလေးတော့ သံဒိုးဖို့ တဲ့ … ထားခဲ့တယ်”

သံဒိုး … မှတ်မိတာပေါ့ … ဦးကျောက်မောင်းသား သံဒိုးနဲ့ ရွာကျောင်းမှာ အတူတူ နေခဲ့ဖူးသေးတာပဲ။

“သံဒိုးတို့ အခု ဘယ်မှာနေသလဲ။ ရွာမကြီးထဲမှာပဲလား”

“သြော် … သံဒိုးကို ဆရာလေး သိသလား။ ရွာမကြီးထဲကအိမ်က ရောင်းလိုက်ပြီလေ။ အခု တာလမ်းဘေးမှာ အိပ်ကုပ်ကလေးနဲ့ နေတယ်။ ဟောဟိုးရှေ့နားမှာတင်ရယ် … ”

မြင်းလှည်းက အနောက်ရိပ်သာကို ကျော်လာခဲ့ပြီ။ ရိပ်သာဘေးက ရေတွင်းကလေးကိုလည်း မှတ်မိရဲ့။ ရေတွင်းကလေးက ကျော်တော့ နေပူထဲမှာ မောင်းလာတဲ့ ဆိတ်အုပ်ကို မြင်းလှည်းက ရပ်စောင့်တယ်။ ဖုန်လုံးကြီးတွေ အလိပ်လိပ် ထလို့ …

“ဟောဒီအိမ်ကလေးပဲ … သံဒိုးတို့အိမ်”

ကျွန်တော် ငုံ့ကြည့်လိုက်တော့ မန်ကျည်းပင်ကြီးတစ်ပင်ရဲ့ဘေးမှာ အိမ်ကလေးတစ်လုံး။ အိမ်ဘေးမှာက မြင်းလှည်းအိုတစ်စီး။ လက်တံနှစ်ဖက်က မိုးပေါ်ကိုထောင်လို့။ အသားမည်းမည်း လူတစ်ယောက်က မြင်းလှည်းဘီးတွေကို ဆေးခွက်ကလေးကိုင်ရင်း ဆေးသုတ်နေတယ်။ ဒီမြင်ကွင်းကို မြင်းလှည်းဆရာက သဘောကျသွားပုံရတယ်။

“အောင်မာ … သံဒိုးက သူ့အဖေလှည်းဟောင်း ဆေးတွေဘာတွေ သုတ်လို့ပါလားဟေ့ … ”

ကျွန်တော်ကတော့ ခပ်ဝေးဝေးကမြင်ရတဲ့ သံဒိုးကို ပုံဖမ်းကြည့်နေမိတယ်။ မျက်နှာကို မမြင်ရတော့ ပုံဖမ်းလို့ မရဘူး။ တောသူတောင်သားပီပီ ညိုညိုကြမ်းကြမ်းကြီး ဆိုတာတော့ မြင်သာတယ်။

“မြင်းလှည်း ဆေးသုတ်မှာပေါ့ ကိုရင်ရဲ့ … ရွာလယ်က ဦးမြတို့က ရန်ကုန်က ဗွီဒီယို ဆိုတာကြီး ဝယ်လာတယ်။ မနက်ဖြန် သန်ဘက်ခါ ပြတော့မယ် ဆိုလား … အဲဒါ သံဒိုးမြင်းလှည်းကို ကြော်ငြာလှည်းတပ်ခိုင်းထားတယ်။ မြင်းလည်း ဝယ်ပေးထားတယ်”

တစ်ချိန်လုံး ငြိမ်နားထောင်နေတဲ့ အမျိုးသမီးတွေထဲက တစ်ယောက်က ဝင်ပြောတယ်။ မြင်းလှည်းဆရာက ပြုံးတယ်။

“ကောင်းပါ့ဗျာ … သံဒိုးကလည်း သူ့အဖေလို အပြောက ခပ်ကောင်းကောင်းရယ် … ”

မြင်းလှည်းဆရာကြီးကတော့ ပြုံးပြုံးကြီးလုပ်နေတုန်း။ သူဘာတွေ တွေးနေသလဲတော့ မသိဘူး။ ဆိတ်အုပ်ကြီး လွန်တော့မှ မြင်းလှည်း ဆက်ထွက်တယ်။ ကမန်းကတန်း ငုံ့ကြည့်လိုက်တော့ မန်ကျည်းပင်ရိပ်မှာ သံဒိုးက သူ့အဖေမြင်းလှည်းဟောင်းကြီးကို ဆေးသုတ်နေတုန်းပဲ။


(ပေဖူးလွှာမဂ္ဂဇင်း၊ အမှတ် ၁၁၅၊ ၁၉၉၀ ပြည့်နှစ် - ဇူလိုင်လ။)

* * * * *

credit to mmcyber

ဆယ့်နှစ်ကြိုးဝတ္ထုတိုများ - နေဝင်းမြင့် (အပိုင်း-၃)

 
ဝတ်လဲတော်ပုဆိုး ပိုးမျိုးငယ်ပါပါစ
(၁)

ကျုပ်တို့အမေများ ပြောဖူးသာ ပြောပါတယ်။ ဇာတ်ထဲပွဲထဲ၊ ဒါမှမဟုတ် ရပ်ထဲရွာထဲ ဓာတ်စက်ထဲ ဗျိုင်းတောင်သီချင်းများ ကြားလိုက်လို့ သီချင်းထဲက ‘စားတော်ဦး ငါးလူးငယ် ပါပါစ’ သောက်တော်အိုး မွှေးမျိုးငယ် ပါပါစ’ ‘ဝတ်လဲတော်ပုဆိုး ပိုးမျိုးငယ် ပါပါစ’ တို့ ဘာတို့များ ကြားလိုက်လို့ကတော့ “ဖွဟဲ့ … နိမိတ်မရှိနမာမရှိ မကောင်းသူ ပယ်၊ ကောင်းသူ ကယ်” ဆိုပြီး တံတွေးတစ်ချက် ပျစ်ခနဲ ထွေးပစ်လိုက်သာ တဲ့။ မင်္ဂလာမရှိတဲ့ သီချင်း နားနဲ့တောင်မကြားချင်ဘူး ဆိုတဲ့သဘော နေမှာပေါ့။

ကျုပ်တို့များတော့ သီချင်းတောင်မဟုတ်ပါဘူး၊ အကျိုးပေး မကောင်းပုံများ သင်္ချိုင်းထဲမှာကို နေရသာ။ သေတ္တာလာဝယ်ရင် ခေါင်းနဲ့ရွက်ပြီး လိုက်ပို့ရသာ။ သည်အလုပ်မျိုးကလည်း ဘုရားစူးရစေ့၊ တစ်သက်နဲ့တစ်ကိုယ် လုပ်ရလိမ့်မယ် တွက်ခဲ့သာလည်း မဟုတ်ဘူး။ ဒါပေမဲ့ ဘယ့်နှယ်လုပ်မလဲ၊ ဘဝအကြောင်းဆိုတော့ လုပ်ရတော့သာပဲ။ ပိုက်ဆံ ငွေစကြေးစကလေး မြက်မြက်စက်စက်ရသာလည်း တစ်ကြောင်းပေါ့လေ။ တခြားအလုပ် မလုပ်တတ်သာလည်း တစ်ကြောင်းပေါ့။

“ဟဲ့ ဒါဆို ညည်း ခေါင်းရွက်ဗျပ်ထိုး ဈေးကလေးနာကလေး ရောင်းပါလား” လို့တော့ မပြောနဲ့၊ ရလှ တစ်နေကုန် နေပူစပ်ခါး လျှောက်နိုင်မှ အစိတ်ပေါ့၊ သုံးဆယ်ပေါ့။ အကြွေးကလည်း ကျဦးမယ်၊ ပြီးတော့ ဘယ်မလဲ ငွေရင်း။

သည်အလုပ်က အကြွေးကျစရာလည်း မရှိဘူး။ ငွေရင်းလည်း မလိုဘူး။ မလုပ်ခင်က ငွေရနှင့်သာ။ ရှစ်ဆယ်လည်း ဟုတ်သယ်၊ တစ်ရာလည်း ဟုတ်သယ်။ ဝေးလို့များတော့ ဝေးသလောက် တောင်း၊ ပါးစပ်ထဲကဈေးဟာ အတည်ပဲ။ လူကို လိုက်လို့၊ ခရီးအဝေးကိုလိုက်လို့ ကြည့်တောင်းရသာပဲ။

ရလည်း ရသယ်။ ရသမှ နေ့တိုင်းကို ရသာ။ လူက နေ့တိုင်း သေနေတာ မဟုတ်လား။ ရပ်ကွက်ထဲနေတဲ့လူကတော့ မသိသာလှဘူးပေါ့။ မယုံရင် သင်္ချိုင်းထဲ နေကြည့်ပါလား။ တစ်နေ့တစ်နေ့ သေတဲ့လူ နည်း မှတ်လို့။

* * *
(၂)

သင်္ချိုင်းစပ် ကုက္ကိုပင်စောက်ကြီးအောက်က တဲကြီးထဲ နေလာရတဲ့ နှစ်ကိုပဲ ကြို့ထိုးနေပြီ။ ကျုပ်အထင် အနှစ်သုံးဆယ်ကျော်ရော့မယ်။

ကျုပ်အသက်လား၊ လေးဆယ်ကျော်လို့ ခြောက်နှစ်ထဲမှာ။ လင်လည်း သုံးဆက်ရှိပြီ။ တကယ်ပြောသာပါ။ ပထမဆုံးလင်က ဆုံးသွားရှာသာ။ သူဆုံးတော့ ကျုပ်က ငယ်ငယ်ရယ်။ နောက်လင်ကတော့ ကွဲကို ကွဲသာ။ ကျုပ် တစ်သက်နဲ့တစ်ကိုယ် လုပ်ရလိမ့်မယ်လို့ မတွက်ခဲ့တဲ့ သည်အလုပ်လည်း ဒင်းက ဇာတ်သွင်းခဲ့သာ။

အခုတော့ တစ်ခါတစ်ခါ ကျေးဇူးလည်းတင်ပါရဲ့၊ စိတ်လည်း နာသယ်။ ဘုရားစူး။ သေချင်းဆိုးလည်း ဘယ်ဆီရောက်နေမှန်းတောင် မသိဘူး။ ကျုပ်တို့သားအမိ သင်္ချိုင်းစပ်က တဲကြီးထဲ ထားပစ်ခဲ့ပြီး ထွက်သွားလိုက်သာ ဘယ်မှာ မြွေပွေးကိုက်နေသလဲတောင် မသိဘူး၊ တစ်ခါမှတောင် ပေါ်မလာဘူး။ ရှိလှပေါ့၊ လေးငါးနှစ်တော့။

ဒါပေမဲ့ ကိုစံမောင်က ကျုပ်တို့ကိုနှင်မထုတ်ရှာပါဘူး။ ‘မသောင်း လုပ်လက်စ ဆက်လုပ်ပေါ့’ တဲ့၊ ‘ဘယ်မှလည်း မသွားနဲ့’ တဲ့ ပြောရှာပါသယ်။ ကျုပ်ကလည်း မသွားပါဘူး။ တခြား ဘာသွားလုပ်တတ်မှာတုံး၊ ဟုတ်ဘူးလား။

ကိုစံမောင်တို့ကတော့ တတ်နိုင်သူတွေကိုး။ သူတို့လည်း သင်္ချိုင်းထဲနေသာပါပဲ။ ပိုက်ဆံရှိတော့ လေးပင်နှစ်ထပ်အိမ်ကြီးနဲ့ နေသယ်။ သေတ္တာမျိုးစုံကို လုပ်လည်းလုပ်၊ ရောင်းလည်းရောင်း ဆိုတော့ ချောင်လည်ပါသယ်။ အနီးအပါးက ကုက္ကိုပင်တွေ၊ မှို့ပင်တွေ ချုပ်ဝယ်ပြီး ပျဉ်ချပ်တွေဖြစ်အောင် ခွဲ၊ စပ်ဟပ်ပြီး သေတ္တာရိုက်၊ အတွင်းနဲ့အပြင်ကို ဝါတာဖလူးစ ခပ်တင်းတင်းဆွဲကပ်ပြီး ငွေရောင်ဖောက်ပန်းတွေ ကပ်၊ ပြီးရင် သေတ္တာတွေကို စီထပ်ထားလိုက်သာပဲ။

ဈေးကတော့ အမျိုးမျိုးပဲ။ လူမှသေပြီ ဆိုမှတော့ သည်သေတ္တာတွေက မသုံးမဖြစ်တွေ မဟုတ်လား။ ဝယ်ရသာပဲ။ ကြိုက်ဈေးလည်း ပေးရသာပဲ။ အသုဘကြီး ဖျာလိပ်နဲ့ပတ်ချလို့ကလည်း ရသာ မဟုတ်၊ ခြေမကြိုးဆွဲချလို့ကလည်း မဖြစ်၊ ဟုတ်ဘူးလား … လူကိုး … လူက သေတာတောင် အလှအပကြိုက်တာကလား။

ဝယ်သူလာပြီဆိုရင် ကိုစံမောင်က မလှမ်းမကမ်းက ကျုပ်တဲဘက် လှမ်းခေါ်တော့သာပဲ။ ကျုပ်လည်း သိတယ်၊ သေတ္တာဝယ်သူလာပြီ၊ ကိစ္စတော့ ပေါ်နေပြီ၊ ကျုပ် ရွက်ပို့ရတော့မယ် ဆိုသာ …

သည်တော့ မနက် မိုးလင်းသာနဲ့ တဲရှေ့က တံခါးလုပ်ထားတဲ့ ဂုန်နီဖျင်စ အသာ မ တင်ပြီး ဆေးလိပ်တစ်တို မီးညှိရင်း ကိုစံမောင့်အိမ်ဘက် လှမ်းမျှော်ကြည့်နေလိုက်သာပဲ။

သေတ္တာဝယ်သူတွေကလည်း ဟိုအလုံး ချလိုက်၊ သည်အလုံး ကြည့်လိုက်နဲ့ မြေကြီးထဲမြှုပ်ရမယ့်ပစ္စည်းတောင် အနာအဆာ ရွေးကြသေးသာ။ သေတ္တာတစ်လုံးတန်ဖိုးကလည်း သည်ခေတ် မသေးဘူး။ တကယ့်အနေကျပ် အသေကျပ်ကြီး။ တော်ရုံသေတ္တာတောင် ငါးရာကျော် ခြောက်ရာ တန်သယ်။ တချို့များ သင်္ဘောပုံ ခရစ်ယာန်သေတ္တာမှ ဝယ်သာ။

သူက နှစ်မျိုးရှိသယ်။ အဖြူနဲ့ အနက်။ အဖြူက အပျိုလူပျိုသေရင် သုံးသယ်၊ နက်က အိမ်ထောင်ရှင် သေမှ သုံးသယ်။ ကြားဖူးသာပါ။ တချို့ ပိုက်ဆံရှိတဲ့လူများကျတော့လည်း သင်္ဘောပုံနဲ့မှ … လှလည်း လှသာကိုး … လက်ကိုင်တွေနဲ့၊ ပန်းဖွားကြီးတွေနဲ့၊ မွေ့ရာနဲ့။ သည်မှာမို့လို့ပါ။ ကျုပ်တို့ အညာမှာများ ရိုးရိုးပါပဲ၊ သေသာကို ဟန်ချဲ့မနေပါဘူး။

ဘာပဲဖြစ်ဖြစ်လေ ဆေးလိပ်တစ်တိုနဲ့ ကိုစံမောင့်အိမ်ဘက် လှည့်မျှော်နေသာကိုက ကျုပ်အလုပ် မဟုတ်လား။ မျှော်ရသာပဲ။

လာလည်း လာသယ်၊ မနက် ခုနစ်နာရီ ရှစ်နာရီဆို ပေါက်လာသာပဲ။ ကိစ္စပေါ်ပြီ ဆိုရင် ပေါ်တဲ့နေ့ကတော့ သက်ပျောက်ဆွမ်း သွတ်ရတာ တို့၊ အိမ်အခင်းအကျင်း ပြင်ရရွှေ့ရတာ တို့ ဘာတို့နဲ့ မဝယ်ဖြစ်ကြဘူး။ ကျုပ်တို့လူမျိုး ထုံးစံကလည်း သုံးရက်၊ ငါးရက်၊ ခုနစ်ရက် ထားလေ့ရှိတော့ နောက်တစ်နေ့ ရောက်လာကြတော့သာပဲ။

ကာယကံရှင်ကတော့ လိုက်ခဲပါသယ်။ သည်ကိစ္စကျွမ်းကျင်သဲ့ လူ၊ ရပ်ကွက်ထဲ လုပ်ဖူးကိုင်ဖူးသဲ့ လူ လွှတ်လိုက်သာပဲ။ အဲသည်လူကလည်း ဝယ်ဖူးခြမ်းဖူးတော့ စကားသိပ် မပြောရပါဘူး၊ ဈေးနာပြောပြီးရင် ပြီးသွားသာပါပဲ။ သည်ကိစ္စ ဈေးမဆစ်ကောင်းဘူး ဆိုတော့ နည်းနည်းပါးပါး ညှိကြရုံပါပဲ။

ပြီးရင်တော့ ကိုစံမောင်က ဆေးလိပ်လေး တည်လို့၊ လက်ဖက်ရည်လေး တိုက်လို့ … သောက်ပြီးကြရင် ကျုပ် လှမ်းခေါ်သာပဲ။

“မသောင်း … ကိုင်း … ကိစ္စပေါ်လာလို့ တဲ့။ ကိုးရပ်ကွက် ကားဂိတ်ဆုံးက ရထားလမ်းနားမှာ။ ရွက်ခ ပြောလိုက်ဦး”

“ရှစ်ဆယ် ပါ။ ဒါက ထုံးစံပဲဥစ္စာ”

တချို့ကလည်း ဒီလောက်လေး ပြောလိုက်သာနဲ့ ဟ … ရွက်ခက ရှစ်ဆယ်တောင်လား၊ မဟုတ်သေးပါဘူး ဆိုပြီး တုံးပေကပ်သတ် လုပ်ချင်ကြတာလည်း ရှိရဲ့။ တချို့ကလည်း လူမှ သေပြီ ဆိုမှတော့ မဆစ်တော့ပါဘူး၊ ရော့ … အင့် … ပဲ။

ကျုပ်က ကိုစံမောင့် အားနာလို့ပါ၊ ပြောလိုက်ချင်သာ။ ဈေးများရင် တော်တို့ရွက်ကြည့်ပါလား လို့။ ဟုတ်သယ်လေ … ကားငှားကြည့်ပါလား လို့။ ကျုပ်သားတွေပြောသလို ဆိုရင် ပြာသွားမယ် …

တော်ရုံကားကလည်း မလိုက်ပါဘူး။ လိုက်ရင်လည်း ရာကျော်ပဲ။ သူတို့ကလည်း ဒါကြီးတင်ပြီးရင် ပရိတ်ရေ ပက်ရ၊ အမွှေးနံ့သာ ဖျန်းရ၊ ခေါင်းလျှော်ရည်နဲ့ တစ်ကားလုံး ဆေးရနဲ့ သိပ်သက်သာပုံ မရဘူး။

နီးရင်တော့ ဆိုက်ကားတွေက လိုက်ပို့ပါသယ်။ လူစီးဆိုက်ကားတွေကလည်း လိုက်ခဲသယ်။ ရေခဲဆိုက်ကား တို့၊ ပက်လက်ခုံဆိုက်ကားတို့မှ လိုက်သာပါ။ လိုက်ရင်လည်း လျှော့ယူဖို့ စိတ်တောင်မကူးဘူး။

ကျုပ်ရွက်ရသာကလည်း တကယ်တော့ သက်သာတယ် မထင်နဲ့။ တော်တို့ မရွက်ဖူးလို့ ရွက်ကြည့်စေချင်သယ်။

ထုံးစံအတိုင်းဆိုလို့ကတော့ သေတ္တာကို မှောက်ပြီး စ,ရွက်ကတည်းက လမ်းမှာချနားလို့ရတာ မဟုတ်ဘူး။ သေတ္တာအဖုံးကလည်း သေတ္တာပေါ် တင်ချင်တင်၊ မတင်ရင် ချိုင်းကြားညှပ်၊ လက်တစ်ဖက်က ပိုက်ပြီး ဇက်တောင့်တောင့်နဲ့ သွားရသာ တချို့အိမ်များ လေးငါးမိုင်လောက် ဝေးသယ်။ သွားရသာပဲ။

ရေဆာလို့ ချသောက်လို့လည်း မရဘူး။ ဒီဟာကြီးနဲ့ ဘယ်အိမ်က ရေတိုက်မှာလဲ။ ဇက်နာလို့လည်း ချနားလို့ မရဘူး။ နေပူလို့ သူများဈေးဆိုင်ရိပ် ခိုဖို့များ စိတ်တောင်မကူးနဲ့၊ ပါးရိုက်လိမ့်မယ်။ အယူကြီးတဲ့ ဒေသများ သေတ္တာဖုံးကို ဘယ်-ညာ ပြောင်းလို့တောင် မရချင်ဘူး။ သေတ္တာကြီးနဲ့နားရင် ရွာနာသယ် လို့ အယူရှိသာကိုး။

သွားရင်းက နောက်လည်းမလှည့်ရဘူး တဲ့။ သွားရင်းများ သူများကို တိုက်မိလို့လည်း မရဘူး။ သူများကလည်း ကိုယ့်ကို မတိုက်ရဲပါဘူး။ ကားတွေဆိုသာ ဘေးက ရှောင်မောင်းသယ်၊ ထိသွားမှာ စိုးလို့။ ကျက်သရေ မရှိလို့ ပေါ့လေ။

နောက်တစ်ခုက လိုက်ပို့ရမယ့် ရပ်ကွက်ရောက်လို့ သေတ္တာကြီး ထမ်းပြီး ဟိုအိမ်မေး သည်အိမ်မေး လို့လည်း ရသာမဟုတ်ဘူး။ ဒီတော့ ဝယ်စကတည်းက သေချာချိန်းထားရသယ်။ ကာယကံရှင်တစ်ယောက်က ထွက်ကြိုနှင့်ရသယ်။

ကာယကံရှင်က စောင့်ခေါ်သွားရင်တောင်မှ လမ်းကြိုလမ်းကြား၊ အိမ်ကြိုအိမ်ကြားက ခေါ်သွားလို့ မရဘူး။ လမ်းမက ဖြောင့်ဖြောင့် သွားရသာ။

ကာယကံရှင်အိမ် ရောက်ရင်လည်း ‘လေးလိုက်တာ’ လို့ မညည်းရဘူး ဆိုသာ ရှိသေးတယ်။ တချို့က အဲသလိုပြောရင် အားကြီး စိတ်ဆိုးသယ်။ ကျုပ်ကတော့ ရိုးရိုးပြောမိသာပါ၊ အဝေးကြီးက ရွက်လာရသာ ဇက်တွေဆိုသာ ပူထူနေသာမဟုတ်လား။

သေတ္တာထဲ ခေါင်းထည့်ရွက်သာ လေမတိုးဘာမတိုးနဲ့ ချွေးဆိုသာ ပြုတ်ထားတဲ့အတိုင်းပဲ။ သေတ္တာအဖုံးက တစ်ဖက် ဆိုတော့ စဉ်းစားသာကြည့်။ အဲသာကို လေးသယ် မပြောရဘူး တဲ့။

အကောင်းဆုံးက ဘာမှမပြောသာပါပဲ။ ကနားဖျင်းရိပ် ချပြီး ထိုင်နေလိုက်သာပဲ။ ရွက်ခပိုက်ဆံက ချေပြီးသားပါ။ ဒါပေမဲ့ လမ်းစရိတ်လေး၊ မုန့်ဖိုးလေး ပေးပါဦး ဆိုပြီး ပေထိုင်နေလိုက်ရင် ကာယကံရှင်က ထုတ်ပေးသာပဲ။

တချို့ကလည်း ‘ပေးပြီးသားပဲဗျ’ ဘာညာ နဲ့ မဆီမဆိုင် ဝင်ဟောက်ချင်သယ်။

ဘာပဲဖြစ်ဖြစ်လေ သည်လို မျက်နှာပြောင်ပြောင်နဲ့ တောင်းရသာပဲ။ ဘယ့်နှယ်လုပ်မလဲ၊ ရရင်လည်း အမြတ်၊ မရရင်လည်း ပြန်ရုံပေါ့။ မသကာ ဆေးလိပ်ခွက်ထဲက ဆေးလိပ် လေးငါးလိပ် နှိုက်ပြီး ထလာလိုက်ရင်လည်း တစ်ညစာတော့ ပြီးသွားသာပဲ။

* * *
(၃)

ကျုပ်ယောက်ျား နောက်ဆုံးကောင်အကြောင်း ကျုပ် မပြောရသေးဘူး။ နာမည်က မောင်ငယ် တဲ့။

တကယ်လည်း ကျုပ်မောင် အငယ်လောက် ရှိမှာပါ။ ကျုပ်ထက် တော်တော့်ကို ငယ်သယ်။ ဒါကြောင့်လည်း သေခြင်းဆိုးက ဆိုးချင်သာ ထင်ပါတယ်။

ယူစကတော့ သွားခေါခေါနဲ့ မျက်နှာ တင်းတိပ်တွေ ကွက်ချင်းထိုးပြီး ခါးတစ်ဖက် လိမ်၊ ခြေတစ်ဖက် ဆွဲနေသဲ့ ကျုပ်ကို သူ့ထက် အသက်ကြီးတဲ့ကြားက ယူထားသာကိုပဲ ကျေးဇူးတင်ရသေးသယ် အောက်မေ့သာ။ ဘယ်ဟုတ်မှာတုံး … မသာက အရက်သောက်ချင်သာရော၊ ဖဲကလေး ပွတ်ချင်သာရော၊ မိန်းမရွှင် နှိုက်ချင်သာရော။

မနက်မိုးလင်းရင် အရက်နဲ့ အရင် မျက်နှာသစ်သာ။ အရက်နဲ့ ပလုတ်ကျင်းသာ။ မျက်ပေါက်တွေဆိုသာ ဘယ်တော့မှမပွင့်ဘူး။ အထက်မျက်ခမ်းနဲ့ အောက်မျက်ခမ်းများ တွဲချုပ်ထားသာကမှ ချုပ်ရိုးပေါ်နေနိုင်သေးသယ်။ ရေကတော့ သူလည်း မချိုးဘူး၊ ကျုပ်လည်း မချိုးဘူး။

သင်္ချိုင်းနဲ့ခပ်ဝေးဝေးက ရေဘုံပိုင်မှာ သောက်ရေတော့ ရသယ်၊ ရေချိုးခွင့် မပေးဘူး။ ချိုးရင် ရေကဲ့ချိုး ပဲ။ အံမာ … သူက ကျုပ်ကို ရိုက်သေးနှက်သေးသာ။ ကျုပ်ကလေးတွေကိုလည်း နှိပ်စက်ချင်သေးသာ။ ဘာမှတ်လို့လဲ ဒင်းက … ဒင်းကိုယူတုန်းက ထမင်းတောင် နပ်မှန်သဲ့ကောင် မဟုတ်ဘူး။ မြေကျင်းအငှားတူးသဲ့ကောင်။ အရက်ပုလင်း ခါးထိုးပြီး နေပူကြီးထဲ ကျင်းအငှားတူးသဲ့ကောင်။ သင်္ချိုင်းထဲ နေ့တိုင်းတွေ့တော့လည်း နီးစပ်သွားသယ်ပြောပါတော့။ မရိုသေ့စကား မယူခင်က ဒင်းက ကျုပ်ကို အချောင်နှိုက်ချင်သာ။ ယူဖို့များ စိတ်ကူးခဲ့တာ မဟုတ်ဘူး။ ချဉ်ချဉ်တူးတူး သဘော ထားသာ။ ကျုပ်ကလည်း လင်နှစ်ယောက် ရခဲ့ဖူးသာပဲ၊ သိသာပေါ့။ ကျုပ်ကတော့ သံယောဇဉ်တွေဖြစ်လို့။

ကျုပ်တဲရိပ်ကလေး ခိုလိုက်၊ ကျုပ်သားလေး အရက် ဝယ်ခိုင်းလိုက်၊ ရတဲ့ပိုက်ဆံလေး ကျုပ်အပ်ထားလိုက်နဲ့ နေရင်းက ညားသာ။ ညားခါမှ ပိုဆိုးလာသယ် ပြောပါတော့။ ဘာမှကို မလုပ်တော့သာ။ မြေကျင်းတောင် မတူးတော့ဘူး။ ထိုင်စား ပဲ။ ကျုပ်သေတ္တာရွက်လို့ ရသာလေး ထိုင်စားရင်း အိမ်မှာ ဘုရင်လုပ်တော့သာ။ ကြာရင် ကြာပြန်ပြီ၊ ထမင်းဆာရင် ဆာပြန်ပြီ၊ ပိုက်ဆံမပေးရင် မပေးလို့၊ နည်းရင် နည်းလို့၊ မူးမူးနဲ့ နားအုံနားရင်း ထရိုက်ချင် ရိုက်သာ။

ကျုပ်ကတော့ ယူမိပြီကိုး၊ လင်သားကိုး။ ကျုပ်တို့မိန်းမတွေ တစ်သက်လုံး သည်လို အရိုက်အနှက်ခံလာရသာပဲ၊ ဆန်း မှတ်လို့။ စိတ်တော့ နာသယ်၊ ဘုရားစူး … ညာမပြောဘူး။ အခုတော့ ကျုပ်က အသက်ကလေးကလည်း ရလာပြီ။ မောလည်း မောသယ်။ ဒင်းကတော့ နေ့မူး ညမူးပဲ။ မနက်လည်း နေမြင့်မှ ထသယ်။ သည်ကြားထဲ မနက် မနက် အမူးနာဖြေဖို့ တဲ့၊ အရက်တစ်ပိုင်းလောက်က ဝယ်ထားရသေးသာကလား။ စိတ်ပဲ ကုန်သယ်၊ တကယ် …

လင်ရယ်မယားရယ် လို့ တစ်အောင့်တစ်နား စကားပြောရသယ်၊ စိတ်ချမ်းသာရသယ် လို့ တစ်ခါမှ မရှိသာ။

လင်ကံများ မကောင်းချက် ပြောသာပါ။ တစ်ခါတစ်ခါ သေသွားတဲ့အမေ့ကို သတိရသယ်။ သည်အလုပ်က ရှက်စရာလည်း မဟုတ်ပါဘူး၊ ကောင်းရောင်းကောင်းဝယ်ပဲ။ စာမတတ် ပေမတတ်နဲ့ သည်လောက်ပိုက်ဆံရသာ လုပ်ပျော်သဲ့ အလုပ်ပါ။

ဒါပေမဲ့ ဒါက ဒါပဲ၊ အမေများ သိရင် ရင်ကျိုးမှာပဲ။ အမေတို့က ‘စားတော်ဦး ငါးလူးငယ် ပါပါစ’ တောင် မကြားချင်ဘူး မဟုတ်လား။ ဘယ့်နှယ်လုပ်မတုံး၊ အညာကဆင်းလာကတည်းက ကိုယ့်ဘဝ ကိုယ့်အကြောင်း၊ ကိုယ့်အထုံ ကိုယ့်ရေစက် သင်္ချိုင်းထဲနေရသာ ဘယ့်နှယ်မှ မတတ်နိုင်ဘူး။ လူပြုပြင်လို့ ရ မှတ်လို့။

* * *

(၄)

အဲသည့်မနက်က ကိုစံမောင်သေတ္တာဆိုင်ရှေ့ လူသုံးလေးဦး တွေ့ကတည်းက ကျုပ်ရွက်ရတော့မယ်ဆိုတာ သိသားပဲ။ ရွက်လည်း ရွက်ရသာပါပဲ။ ခုနစ်ဆယ်နဲ့ တည့်သယ်။ သိပ်မဝေးဘဲ ခုနစ်ဆယ်ရသာ။

ဘာစိတ်ကူးပေါက်သယ် မသိဘူး၊ အိမ်ကမသာ အဲသည်မနက် အစောကြီး နိုးနေသယ်။ သူပါ လိုက်မယ် တဲ့။ လိုက် ပေါ့။ တစ်ခါမှတော့ မလိုက်ဖူးပါဘူး။ အဲသည်ညက အရက်လည်း ဝယ်မထားတော့ ကျုပ်နောက် လိုက်ရင်း အရက်ဝယ်သောက်ချင်သာလည်း ပါမှာပေါ့။

ထင်တဲ့အတိုင်းပဲ၊ သေတ္တာရွက်ဖို့တော့ သေတ္တာအဖုံးတောင် မကိုင်ချင်ဘူး၊ ရှက်လို့ တဲ့။ သေခြင်းဆိုးက မြေကျင်းတူးလာတဲ့ဘဝ မေ့သာ ပြောပါတယ်။ ဖောသွပ်ဖောရောင် မျက်နှာနဲ့ ခပ်လှမ်းလှမ်းက ခွာလိုက်ရင်း အရက်ဖိုးတစ်ဆယ် တောင်းတော့ ကျုပ်လည်း မောမောနဲ့ ပြောပစ်လိုက်သယ်။

“မောင်ငယ်ရယ် … နင့်ဟာက မလွန်ဘူးလား။ သက်သက်လိုက်လာပြီး ဒုက္ခပေးတာလား။ မိုးတောင် မလင်းသေးဘူး ကတဲ … ဒီအရေကို ဝမ်းကျချင်နေလိုက်သာ လွန်သယ်”

ဟုတ်ပါ့တော်၊ စိတ်ထဲရှိသာ ပြောပစ်လိုက်ရမှ။ သင်းကတော့ မျက်ထောင့်နီကြီးနဲ့ ကျုပ်ကို ရန်လုပ်ချင်သေးတဲ့ပုံ။ နေပူထဲလုပ်ရလို့ ကျပ်ခိုးစွဲနေတဲ့ အသားနဲ့၊ သွားခေါခေါ၊ ခါးစောင်းစောင်း၊ အသက်ကြီးကြီး မိန်းမကို သူ့မယားထင်မှာလည်း စိုးသယ်နဲ့ တူပါရဲ့။

ကျုပ်ကလည်း ခေါင်း ထည့် ရွက်ထားတဲ့ကြားကပဲ တစ်လမ်းလုံး မေတ္တာပို့သယ်။ သေတ္တာဖုံးကလည်း တစ်ဖက်က ချိုင်းကြားညှပ်ပြီး ပိုက်လာရတော့ ဒေါသတွေလည်း ထွက် ပေါ့လေ။ မသာက အကြင်နာ တစ်စက်မှမရှိသာများ ကမ်းကုန်ရော။

ပို့ရမယ့်အိမ်ရောက်လို့ ကနားဖျင်းအောက်ရောက်တော့ လူတွေဆိုသာ မနည်းဘူး။ ပိုက်ဆံကလည်း ဘာရှိသလဲ မပြောနဲ့၊ သေတ္တာမှာရေးထားတဲ့ နာမည်နဲ့ အသက်က ငယ်ငယ်ရယ်။ မီးတွေဆင်တဲ့လူက ဆင်လို့။ အဖိုးတန်ခုံတွေချတဲ့လူက ချလို့။ လုပ်တဲ့ကိုင်တဲ့လူက လုပ်လို့ကိုင်လို့။

တော်တော့်ကိုငိုထားတဲ့ မိန်းမငယ်ကလေးကလည်း ငိုတာတောင် လှနေသေးတာ မပြောနဲ့တော့။ အသားကလေးများဆိုတာ ဝင်းမွတ်လို့။ သြော် … ငယ်ငယ်ရွယ်ရွယ်နဲ့ လင်ကံဆိုးရှာတဲ့ မိန်းကလေးနှယ် လို့တောင် အောက်မေ့လိုက်သေးသယ်။

အတူတူပါပဲ၊ ကျုပ်နဲ့ဘာထူးလို့လဲ။ ကျုပ်လင်ကလည်း အသက်ရှင်နေသာပဲ ရှိသာပါ၊ သေသာနဲ့ ဘာမှမထူးပါဘူး။

“ရေလေးတစ်ပေါက်လောက် တိုက်ကြပါ”

မောလိုက်သာလည်း ဟပ်ထိုးလိုက်နေပြီ။

အဲသည်မိန်းကလေးကပဲ ရေယူပေးသယ်။ ပုလင်းထဲထည့်ထားသဲ့ ရေပါ။ ပုလင်းကရေသီးတွေ ကလည်း အေးလို့။

အေးလိုက်တဲ့ ရေ … အေးမြပြီး ချိုနေသယ်တောင် အောက်မေ့သယ်။ သြော် … ပိုက်ဆံရှိတဲ့သူများ ရေတောင် အေးအောင်လုပ် သောက်ကြသာ ပြောပါသယ်။ လမ်းစရိတ်တောင်းတော့ လေးဆယ့်ငါးကျပ်တန် တစ်ရွက် ထုတ်ပေးသယ်။

အဲသည်နေ့ပဲ နောက်တစ်ခေါက် သေတ္တာပို့တော့ နေပြင်းလှပြီ။ ဒင်းက ဘာစိတ်ကူးရသယ် မသိဘူး၊ သည်တစ်ခေါက်လည်း လိုက်မယ် တဲ့။

သည်တစ်ခါပို့သဲ့အိမ်ကတော့ ဆင်းရဲလိုက်တာ တာတေကို လံလို့။ ကနားဖျင်းလည်း မရှိဘူး၊ လူလည်း မရှိဘူး။ ကျုပ်ရွက်လာရတဲ့ သေတ္တာကြမ်းကို ကြည့်ကတည်းက အခြေအနေကို ကျုပ်က သိပြီးသားပါ။ ကာယကံရှင်ယောက်ျားကလည်း မူးနေလိုက်တာ လူမှန်းမသိဘူး။ ပါးစပ်ကလည်း အတင်ရေ … အတင်ရေ … လို့ ကျုံးကျုံးအော်နေတာက လွဲရင် ကူညီမယ့်လူလည်း မရှိဘူး။ အတင် ဆိုတာ သေသွားသဲ့ သူ့မိန်းမ နာမည်နဲ့ တူပါရဲ့။

လမ်းစရိတ်ဆိုတာလည်း ဝေးရော၊ ဘာဆေးလိပ်၊ ဘာကွာစေ့မှလည်း မရှိပါဘူး။ ကျုပ်အဖို့ကတော့ မဆန်းပါဘူး။ မြင်နေကျပဲ၊ ဖြစ်နေကျပဲ။ မောင်ငယ်ကတော့ ဆန်းနေသလား မပြောတတ်ဘူး။ စကားလည်း မပြောဘူး၊ လမ်းမှာတော့ ပိုက်ဆံ ငါးကျပ် ငါးကျပ် နှစ်ခါ တောင်းပြီး အရက်တော့ ဝင်သောက်သယ်။ ဒါပဲ။ ချိုသည်လည်း မပြောဘူး၊ ခါးသည်လည်း မပြောဘူး။

* * *
(၅)

ကြားသားမိုးကြိုး … ဘာတွေတွေးပြီး သည်စကားပြောမှန်းလည်း ကျုပ် မသိပါဘူး။ ကျုပ်နားလည်း ကျုပ် မယုံပါဘူး။ အဲသည်ညက ဒင်းပြောသာ ပြောပါသယ်။ မူးတော့ မူးနေသာပေါ့လေ။ ဒါပေမဲ့ ညားကတည်းက တစ်ခါမှ အဲသလိုမပြောဖူးဘူး။ နေပါဦး … ပြောသာ … ဘာတဲ့ …

“ကျုပ် စဉ်းစားမိတယ်။ ပိုက်ဆံရှိတဲ့လူလည်း သေတာပဲ၊ ဆင်းရဲတဲ့လူလည်း သေတာပဲ။ သေမှငိုနေလည်း အလကားပဲ။ လင်နဲ့မယား အသက်ရှင်ရတုန်း ချစ်ကြဖို့ လိုတာပဲ … ” တဲ့။

မောင်ငယ်က ဒါလောက်ပဲ ပြောသာပါ။ ဒါပေမဲ့ ကျုပ် အဲသည်ညက တစ်ညလုံး အိပ်မပျော်ဘူး။ သိပ်တော့လည်း မယုံပါဘူး၊ ဒင်း သောက်ကောင်းအောင် ပြောသာပဲ လို့လည်း တွက်ပါသယ်။ အဲသည်ညက တန်းစီအိပ်နေသဲ့ ကျုပ်ကလေးတွေကို ကြည့်ရင်းက အရင်ယောက်ျားတွေကိုလည်း အောက်မေ့မိရဲ့။ ဘာပဲဖြစ်ဖြစ် ကျုပ်ချက်ကျွေးသာ စား၊ ကျုပ်တဲထဲမှာ နေ၊ ပြီးရင် အရက်မှန်မှန် ဝယ်ပေးနေသဲ့ ရက်တွေထဲမှာ မောင်ငယ် သည်စကားမျိုး တစ်ခါမှမပြောဖူးဘူး။ အောင်မယ် … ဟုတ်တော့လည်း ဟုတ်သား။ မနက်မိုးလင်းလို့ ကိုစံမောင်တို့အိမ်ရှေ့ သေတ္တာဝယ်သူတွေလာတော့ ကျုပ်က နိုးနေနှင့်ပါပြီ။ မောင်ငယ်ကလည်း နိုးလို့ တော်ရေ့ … ပြုံးပြုံးကြီး … သိလား။

အဲသည်နေ့က သေတ္တာရွက်တော့ နေပူပြင်းပြင်းထဲမှာ ကျုပ်က သေတ္တာရွက်လို့။ ကျုပ်ရှေ့က မောင်ငယ်။ သေတ္တာအဖုံးပျဉ် ချိုင်းကြားညှပ် လိုက်လို့။ ငိုက်စိုက် ငိုက်စိုက်နဲ့။ ဖောသွပ်ဖောရောင်နဲ့၊ ဖိနပ်လည်း မပါဘူး။ ကျုပ်ရင်ထဲမတော့ တလှပ်လှပ်နဲ့။ မောလို့ မဟုတ်ပါဘူး၊ ဘာရယ်လည်း မသိပါဘူး။

ဒင်းကို … အဲလေ … မောင်ငယ်ကို အရက်ဖိုးပေးရဦးမယ်လို့လည်း တွက်သယ်။ ခမျာ … မောနေရှာပြီထင်ပါရဲ့ ပေါ့။

* * * * *
လမ်းကျဉ်းကလေး


(၁)

အစတုန်းကတော့ သည်နေရာကလေးမှာ လမ်းကျဉ်းကလေး မရှိခဲ့ဖူးပါ။

* * *

(၂)

အရင်က သည်နေရာလေးကို အာရ်အီးတီ ဂိတ်လို့ ခေါ်ခဲ့ကြဖူးသည်။ ‘ရန်ကုန် လျှပ်စစ်ဓာတ်ရထား ကုမ္ပဏီ လီမိတက်’ ဟု အဓိပ္ပာယ်ရလိမ့်မည် ထင်ပါသည်။ သို့သော် ဘယ်သူမှ အဲသလို ရှည်ရှည်ဝေးဝေး တခမ်းတနား မခေါ်ခဲ့ကြ။ အာရ်အီးတီ လို့ ပီပီသသ ခေါ်ချင်ခေါ်မည်၊ အားဒီးတီ လို့ ပေါ့ပေါ့ပါးပါး ခေါ်ချင်ခေါ်မည်။ သည်လိုနှင့် သည်နေရာကို အာရ်အီးတီ ဂိတ် ရယ်လို့ တွင်လာခဲ့သည်။

တကယ်ကတော့ အရင်က သည်နေရာမှာ ဓာတ်ရထား ရောက်ခဲ့သည် မဟုတ်။ အာရ်အီးတီ ကုမ္ပဏီပိုင် ဘတ်စ်ကားတွေ ပြေးဆွဲလို့ ခေါ်ကြတာပဲ ဖြစ်သည်။

သည့်နောက်တော့ ပုစွန်တံဆိပ် တို့၊ နဂါးတံဆိပ် တို့လို အကောင်ဗလောင်တွေကို ဂုဏ်ပြုခေါ်ဝေါ်ခဲ့သည့် ဘတ်စ်ကားတွေ ပေါ်လာသည်။ အခုတော့ ဟီးနိုးကြီး၊ ဟီးနိုးလတ်၊ နှစ်စီးတွဲဟီးနိုး၊ ရေးနိုး(တချို့က တစ်နေရးနိုး လို့ ခေါ်သည်) စသည့် ခေတ်မီကားတွေ ပြေးဆွဲသည်။ ဒတ်ဆန်း၊ ဟိုင်းလတ် စသည့် သင်္ဘောသားကားကလေးတွေလည်း ဆွဲသည်။ ဒါပေမဲ့ သည်ဂိတ်၊ သည်လမ်းဆုံက နာမည်တော့ ပြောင်းသွားခဲ့သည်။ အရင်က အာရ်အီးတီ ဂိတ်၊ အခု ဟီးနိုးဂိတ်။ အရင်က အင်္ဂလိပ်၊ အခု ဂျပန်။

* * *

(၃)

လမ်းဆုံ ဆိုမှတော့ အနည်းဆုံးက လမ်းနှစ်မြွှာရှိရတော့မည်။ သည်လမ်းဆုံမှာက လမ်းလေးမြွှာရှိသည်။

တစ်လမ်းက အနောက်ဘက်သို့ ခွဲထွက်သည်။ အင်းစိန်ဈေးကိုဖြတ်၍ အင်းစိန်ကမ်းနားကို သွားသည့်လမ်း ဖြစ်သည်။ လှိုင်မြစ် ကမ်းပါးမှာ လမ်းဆုံးသည်။ တစ်လမ်းကျတော့ အင်းစိန်ဘူတာရုံဘက်ကို ကွေ့ချိုးဝင်ရောက်သွားကာ တစ်နေရာမှာ ပြည်လမ်းမကြီးနှင့် သွားဆုံသည်။ မြောက်ဘက်စူးစူးကို ခွဲထွက်သွားသော လမ်းကတော့ ပြည်၊ မန္တလေး စသည့် မြန်မာပြည်တစ်နံတစ်လျားကို သွားရာလမ်း ဖြစ်သည်။ နောက်တစ်လမ်းကတော့ ရန်ကုန်ဘက်ကို။

သည်လမ်းဆုံက နယ်ကလာသည့်ကားများအဖို့ ရန်ကုန်မြို့ဝင်ဖြစ်၍ အမြဲတမ်း စည်ကားနေတတ်သည်။ နောက်တစ်ခုက အင်းစိန်ဈေးဘက်သို့ ကွေ့ချိုးသော (ကမ်းနားမှ ဆုံးသော) လမ်း အဝင်မှာ မီးရထားလမ်းကူး ရှိနေခြင်းကြောင့် ဖြစ်သည်။ တစ်ခါတစ်ခါ ရထားက ဘယ်ဆီနေမှန်း မသိသေး၊ ရထားတံခါးက ကြာမြင့်စွာ ပိတ်ထားတတ်သည်။ ဒါကိုလည်း အပြစ်ဆို၍ မရ။ ကြီးမားသော ထိခိုက်မှုမျိုး မဖြစ်အောင် သည်လိုလုပ်ရတာ ဖြစ်မည်။

သို့သော် ရထားတံခါးပိတ်လိုက်တာနှင့် စက္ကန့်မလပ် တိုးဝှေ့မောင်းနှင်တတ်သော ကားတွေက အတောင့်လိုက် ပိတ်ဆို့နေတတ်ကာ ကားတွေ လူတွေ ယောက်ယက်ခတ်သွားတတ်သည်။ စိတ်မရှည်နိုင်သူတွေက ကားပေါ်မှ ဆင်းကာ ဈေးကို လမ်းလျှောက်ကြသည်။ ထိုရထားလမ်း ပိတ်ဆို့မှုကြောင့် ကျန်လမ်းသုံးသွယ်ကို အသုံးပြုရသည့် ကားတွေကပါ အထိုက်အသင့် ပိတ်ဆို့ကျပ်ညပ်ကာ ဟွန်းသံ တညံညံ၊ စက်သံ တဒီးဒီး၊ မီးခိုးတွေ တလုံးလုံး ဖြစ်လာရတော့သည်။

ပြီးတော့ အင်းစိန်မြောက်ပိုင်းမှာ စက်ရုံတွေ တော်တော်များများ ရှိသည်။ ကျောင်းတွေ ရှိသည်။ ရွာပေါင်းများစွာ ရှိသည်။ သည်လူတွေကလည်း သည်လမ်းဆုံကိုပဲ ဖြတ်ရသည်။ ဘူတာရုံနှင့် နီးသဖြင့်လည်း ရထားဆင်းသူတွေ ရှိသည်။ ဘူတာဈေး (ကုန်စိမ်းဈေး) နှင့် အင်းစိန်ဈေးကြီးက ဈေးပြန်တွေ ရှိသည်။

ဆိုလိုရင်းက သည်လမ်းဆုံမှာ လူတွေ အမြဲတမ်း ပျားတူအုံတုတ်ထိုး ဖြစ်နေတတ်တာပဲ ဖြစ်သည်။ ထို့ကြောင့်လည်း သည်နေရာကလေးမှာ ကက်ဆက်သီချင်းသံ တညံညံဖြင့် ဧည့်ကြိုတတ်သော ဈေးဆိုင်ကလေးတွေ လိုအပ်စွာ ပေါ်လာရခြင်း ဖြစ်သည်။

* * *
(၄)

လူစည်ကားလာရခြင်းကို မှီ၍ နှစ် ခပ်ဝေးဝေးတုန်းက သည်နေရာမှာ ဈေးသစ်တစ်ခု ပေါ်လာခဲ့ရသည်။ ‘ဟီးနိုးဂိတ် လေဟာပြင် ဈေးသစ်’ (ဈေးထိပ်ကဆိုင်းဘုတ်အရ) ဟု ခေါ်သည်။ သည်ဈေးကိုလည်း အဲသည်လို တဖွဲ့တနွဲ့ မခေါ်ကြပြန်။ ‘ဟီးနိုးဂိတ်ဈေး’ လို့ပဲ လွယ်လွယ်ခေါ်ကြသည်။

ဈေး ဆိုလို့ ဈေးအင်္ဂါရပ်နှင့် လျော်ညီစွာ ကုန်ပစ္စည်းမျိုးစုံ၊ အထည်အလိပ်၊ ရွှေငွေရတနာ၊ မီးဖိုချောင်သုံးပစ္စည်းများ ရနိုင်သည့် ဈေးမျိုးတော့ မဟုတ်။ အဓိကက စားကုန်တွေသာ များသည်။ လက်ဖက်ရည်ဆိုင် လေးငါးဆိုင်၊ စာအုပ်ဟောင်းဆိုင် နှစ်ဆိုင်၊ စာအုပ်သစ်ဆိုင် တစ်ဆိုင်၊ အိမ်ဆောက်ပစ္စည်းဆိုင်ကလေး တချို့၊ ပြီးတော့ ထမင်းဆိုင်၊ ခေါက်ဆွဲဆိုင်၊ မိတ္တူကူးဆိုင်၊ မျက်နှာစာတန်းမှာတော့ ကွမ်းယာဆိုင်၊ ဆေးမျိုးစုံဆိုင်၊ မုန့်မျိုးစုံဆိုင်တွေ ရှိသည်။

ရန်ကုန်ဘက်က ပြန်လာသူတွေရော၊ ရန်ကုန်ဘက်ကို သွားမည့်သူတွေပါ သည်ဈေးရုံထဲက ဆိုင်တစ်ဆိုင်မှာ ခေတ္တလောက်တော့ နားနေနိုင်သည်။ ဝါသနာပါသူတွေက တစ်ခွက်တစ်ဖလား ဝင်မော့နိုင်သည်။ စာအုပ်ဝါသနာပါသူတို့ကမူ စာအုပ်သစ်တွေကို တငေးတမော ကြည့်နိုင်သည်။ စာအုပ်ဟောင်းဆိုင်တွေမှာ နှစ်သက်ရာ ရှာဖွေနိုင်သည်။ စကားပြောဝါသနာပါသူတွေကလည်း သည်နေရာကလေးမှာ ဆုံကြ၊ ပြောကြ၊ ငြင်းကြခုံကြ၊ တိုးသဲ့ကြ၊ ကျယ်လောင်ကြ။

သည်ဈေးရုံ ကလေးမှာ စိတ်ညစ်စရာ သုံးခု ရှိသည်။
တစ်ခုက ကျယ်လောင်လွန်းသော ဂီတသံ ဖြစ်သည်။ တစ်ဆိုင်နှင့်တစ်ဆိုင် အပြိုင်အဆိုင် ဖွင့်ကြတုန်းက ပိုဆိုးသည်။ ဗီရိုသေးသေး တစ်လုံးစာလောက် ရှိတတ်သော Sound Box လေးငါးလုံး တစ်ပြိုင်နက် ဖွင့်တတ်ကြခြင်း ဖြစ်သည်။

နောက်တစ်ခု … ဈေးကို ပတ်ပတ်လည် ပိတ်ဆို့ကာရံထားသဖြင့် မွန်းကျပ်ပူလောင်နေတတ်ခြင်း ဖြစ်သည်။

အတန်ငယ် ညစ်ပတ်သော ရေအိမ် တစ်တွဲကလည်း မနီးမဝေးမှာ ရှိနေသေးသည်။

စိတ်နှလုံး အပန်းဖြေဖို့ ဝင်လာသူတိုင်း သည်သုံးမျိုးကို ရရှိနေတတ်သည်။

ကျွန်တော်ကတော့ ဈေးရုံထဲက ကိုတင်ဝင်း၏ စာအုပ်ဟောင်းဆိုင်ကလေးကို ရောက်နေကျဖြစ်ရာ သည်အကြောင်းသုံးပါးနှင့် သဟဇာတ ဖြစ်နေရပြီ။

ကိုတင်ဝင်းဆိုင်ကလေးနှင့် ကပ်လျက်က လက်ဖက်ရည်ဆိုင်ကလေးမှာ ထိုင်ရင်း၊ လမ်းသွားလမ်းလာတွေကို ငေးမောရင်း၊ တိုင်ကီတစ်ခွက်ကို လူသုံးယောက် မျှဝေ မျှသောက်ရင်း၊ အစီခံမပါသော ဒူးယားကို တစ်လိပ်ပြီးတစ်လိပ် ဖွာရင်း သည်နေရာကလေးမှာ မိုးကြီးချုပ်မျှ ထိုင်နေမိတတ်သည်။

တစ်ခါတစ်ခါတော့ လူဆုံမိတတ်သည်။ တစ်ခါတစ်ခါတော့လည်း လူမရှိ။ ကျွန်တော်နဲ့ ကိုတင်ဝင်း နှစ်ယောက်တည်းပဲ ရှိသည်။

“ဒီနေ့ စာအုပ်ရောင်းရတယ်ဗျ။ လက်ဖက်ရည်သောက်ရအောင် … ”

တစ်ခါတစ်ခါ ကိုတင်ဝင်းက အဲသည်လို စိတ်လိုလက်ရ ပြောတတ်သည်။ တစ်ခါတစ်ခါတော့လည်း …

“လက်ဖက်ရည်ဆိုင်သွားဖို့ အစီအစဉ် ရှိရဲ့လား”

ဟု မေးနေတတ်သည်။

“စာအုပ်ရောင်းရတာ အဆင်ပြေရဲ့လား”

“မရောင်းရဘူးဗျ။ အင်းလေ … လူတွေက စာအုပ်နောက်ကို မလိုက်နိုင်ကြတော့ဘူးနဲ့ တူပါရဲ့ဗျာ။ စာအုပ်ထက် ဦးစားပေးရတာတွေ ရှိသေးတယ်လေ။ တစ်ခါတစ်ခါ ရောင်းရနိုးနဲ့ ထည့်လာတဲ့ ထမင်းတောင် သိုးတယ်ဗျ။ မောင်ခိုင်မာကဗျာထဲကလိုပေါ့၊ ဘာတဲ့ … ‘ထိလုမိလု၊ သတိပြုရင်း၊ ပစ်ကွင်းကိုချောင်း၊ ချက်ကောင်းကိုရွေး၊ လေးညှို့ပြင်ချိန်၊ နေလုံးမှိန်ပြီ၊ စားမြိန်တစ်ထုပ်၊ နံဟောင်ပုပ်ပြီ၊ တောအုပ်ဟေဝန်၊ ရေတံခွန်၌၊ တွံ … သင် မုဆိုး၊ မိုးကြီးချုပ်ခဲ့ပြီကော’ … ဆိုတာလေ”

တစ်ခါတစ်ခါတော့ အရွှန်းအပြက်လိုလို အလေးအနက်လိုလို သူ ပြောတတ်သည်။ စာအုပ်သည်ပီပီ စာတိုပေစ ပုံတိုပတ်စ အကိုးအထောက်တွေနှင့် သူ ပြောတတ်သည်။ ဘာပဲဖြစ်ဖြစ် သည်နေရာကလေးကို စိတ်ရတိုင်း လာထိုင်ဖြစ်ခဲ့သည်မှာ ကြာခဲ့ပြီ။

* * *
(၅)

အခုတော့ သည်လမ်းဆုံကိုဖြတ်ကာ မီးရထားလမ်းကူး ခုံးကျော်တံတားသစ် တစ်စင်း တည်ဆောက်နေသည်။ မီးရထားလမ်းကူးကို ခွ၍ ခေတ်မီ လှပသော တံတားသစ်ကြီးတစ်စင်း တည်ဆောက်နေခြင်း ဖြစ်သည်။ ထို့ကြောင့် သည်လမ်းဆုံ၏ လမ်းမြွှာတွေ အားလုံးကို တံတားတည်ဆောက်ရေးကာလအတွင်း ဖြတ်ပိတ်ထားသည်။

ဝါးကပ်တွေစီကာ လမ်းမကြီးတစ်လျှောက် ဖြတ်ပိတ်လိုက်သဖြင့် ထိုလမ်းဆုံကို ဖြတ်သန်းရသော ကားတွေက တခြားလမ်းခွဲတွေက သွားရသည်။

အင်းစိန်-ရန်ကုန် ပြေးဆွဲသော ၄၅၊ ၄၈၊ ၈၊ ၄၄၊ နှစ်စီးတွဲ၊ ဟီးနိုး၊ ဒတ်ဆန်း စသည့် ကားဂိတ်တွေလည်း သည်နေရာကဝေးရာကို ပြောင်းရွှေ့ကြရသည်။

ကားတွေက တခြားက လှည့်သွားလို့ ရသော်လည်း (သွားကြသော်လည်း) လူတွေက တစ်ကွေ့ တစ်ပတ်ကြီး သွားနေလို့ မဖြစ်၊ ရသလောက်နေရာကလေးက တိုးကာ ဝှေ့ကာ ဖြတ်သန်းတော့သည်။

ထိုအခါ
ဟီးနိုးဂိတ် မျက်နှာစာတန်းနှင့် ဝါးကပ်ထရံတွေ ကြားမှာ လမ်းကျဉ်းကလေးတစ်ကြောင်း ပေါ်လာရတော့သည်။

* * *

(၆)

အရင်က လမ်းမကြီးပေါ်က သွားချင်သလို သွား၊ ဖြတ်ချင်သလို ဖြတ်၊ လျှောက်ချင်သလို လျှောက်ခဲ့ကြသော လူတွေအားလုံး အခု ထိုလမ်းကျဉ်းကို မဖြစ်မနေ ဖြတ်ရတော့သည်။

လမ်းကျဉ်းကလေးအဝမှာ ဆိုက်ကားဂိတ်နှင့် လက်ဖက်ရည်ဆိုင်တန်းတွေ ရှိသည်။ မိုးတွေသဲသဲမဲမဲ ရွာလျှင် လမ်းကျဉ်းကလေးအဝမှာ ရေအိုင်နေတတ်သည်။ ထိုအခါ ဘောင်းဘီရှည်၊ တေက်ချီကေံစ် ကိုင်ထားသူ ဖြစ်စေ၊ ပုဆိုး-တိုက်ပုံနှင့်ဖြစ်စေ၊ ရောင်စုံ ခြေသည်းများဖြင့် ဝင်းစက်လှပနေတတ်သော ခြေထောက်ပိုင်ရှင် မိန်းမလှလေးတွေပင်ဖြစ်စေ ထိုရေအိုင်ထဲကို နင်းချလိုက်ရမည်သာ ဖြစ်သည်။

ဆယ့်လေးငါးလှမ်း ဆက်သွားလျှင်တော့ ကန့်လန့်ခံနေသော အုတ်ခုံဟောင်း နှစ်ခုကို တွေ့မည်။ အစတုန်းကတော့ သည်အုတ်ခုံဟောင်းတွေကို ဘယ်သူမှ ဂရုတစိုက် မရှိခဲ့။ အခုတော့ လမ်းကျဉ်းကလေးထဲမှာ ထိုးထိုးထောင်ထောင် ရှိလာသဖြင့် သူတို့ကို ဂရုမစိုက်လို့ မရတော့။ ကျော်ချင်လည်း ကျော်သွား၊ မကျော်ချင်လည်း ဝါးကပ်ထရံနှင့် အုတ်ခုံကြားက လူတစ်ကိုယ်စာ နေရာကလေးက ပွတ်ကာသီကာ သွားချင်သွား။

လမ်းကျဉ်းကလေး၏ တစ်ဆစ်ချိုးကွေ့နားမှာ ကြီးမားသော သစ်ငုတ်တိုဟောင်းတစ်ခု ရှိသည်။ ကွေ့ချိုးလိုက်သည်နှင့် စတင်တွေ့ရသော ဈေးဆိုင်ကလေးတွေက ဓာတ်တိုင်နှစ်တိုင်စာလောက် ရှည်သော လမ်းကျဉ်းကလေး၏ အခြားဘက်အထိ စီကာစဉ်ကာ ရှိနေတော့သည်။

လမ်းက ကျဉ်းရသည့်အထဲ ဈေးဆိုင်တွေက တစ်ဖက်တစ်ချက်ဆိုတော့ လူသွားစရာနေရာ နည်းနည်းကလေးပဲ ကျန်သည်။ လမ်းက ပိုမိုကျဉ်းမြောင်းသွားသည်။

အဲသည်အထဲမှာမှ သွားသူတွေ ရှိသည်၊ ပြန်သူတွေ ရှိသည်၊ ရပ်ရင်း ဈေးဆစ်-ဈေးဝယ်သူတွေ ရှိသည်၊ ငေးမောတွေဝေနေသူတွေ ရှိသည်၊ စဉ်းစားနေသူတွေ ရှိသည်။ နှစ်ပေါင်းများစွာကအကြောင်း၊ မနေ့တစ်နေ့ကအကြောင်း၊ မုန်းသူ့အကြောင်း၊ ချစ်သူ့အကြောင်း ပြောလက်စမဆုံးနိုင်သူတွေ ရှိသည်။

နည်းနည်းဆက်လျှောက်လျှင် စာအုပ်သစ်ဆိုင်ကလေးရှေ့ကို ရောက်မည်။ ရောင်စုံစာအုပ်တွေကို ဖျိုးခနဲဖျတ်ခနဲ ကြည့်နိုင်၊ ဝယ်နိုင်သည်။

ရှေ့မှာတော့ ဝက်သားတုတ်ထိုး ဆိုင်၊ လက်ဖက်-မြေပဲ ဆိုင်၊ စာကလေးခွေဆိုင်၊ ဝက်ဆီဖတ်ဆိုင်၊ ဓာတ်ငွေ့မီးခြစ်ဆိုင်၊ ပလတ်စတစ်လောင်းဆိုင်၊ ပုစွန်ခွက်ကြော်ဆိုင်၊ တိုဟူးဆိုင်၊ မုန့်ပေါက်စီဆိုင်၊ ပေါင်မုန့်ဆိုင်၊ အမွှေးတိုင်ဆိုင်၊ တရုတ်အရက်ဆိုင်၊ သံပရာသီး-မာလကာသီး ဆိုင် စသည် စသည်ဖြင့် ဆိုင်တန်းကလေးတွေ ရှိသည်။

စာအုပ်ဆိုင်က ကျော်လျှင်တော့ လမ်းက ပိုမိုကျဉ်းမြောင်း ဆိုးရွားလာသည်။ ထိုနေရာကလေးမှာ ရေစီးစရာမရှိတော့။ ရေတွေ ခြေမျက်စိမြုပ်လောက် အမြဲတမ်း ရှိနေတတ်သည်။ ထွက်ပေါက်မဲ့ ရေတွေက လူတွေ နင်းပါများတော့ နောက်ကျိပျစ်ချွဲနေသည်။

ပြီးတော့ ပိုပြီးဆိုးတာက ဝါးထရံတွေကို ထောက်ကန်ထားသော သင်ပေါင်းသားတိုင်တွေက လမ်းပေါ်ကထောက်ထားသဖြင့် လမ်းကျဉ်းကလေးကို ကန့်လန့်ခံထားသလို ဖြစ်နေတာပဲ ဖြစ်သည်။

နောက်ကျိပျစ်ချွဲနေသော ရေထဲမှာ လိပ်သဲကျောက် ခပ်ကြီးကြီးတွေ ရှိသည်။ စီကာရီကာ မဟုတ်၊ တောင်တစ်လုံး မြောက်တစ်လုံး။

လူတစ်ယောက်စ နှစ်ယောက်စ သွားဖို့အတွက် သိပ်အကြောင်းမဟုတ်သော်လည်း လူတွေရာပေါင်းများစွာ ဖြတ်သန်းနေတော့လည်း သည်ကျောက်တုံးတွေကို စောင့်နင်းဖို့ မဖြစ်နိုင်။ သည်တော့ ရေထဲကို နင်းရတော့သည်။

အဆိုးဆုံးက ကိုယ်ရေပြားရောဂါသည်တချို့ လမ်းကျဉ်းကလေးထဲမှာ ရှိနေခြင်းပင် ဖြစ်သည်။ သူတို့ခြေထောက်တွေကလည်း သည်ရေထဲမှာ တစ်ချိန်လုံး နစ်မြုပ်နေတတ်သည်။ ရေစပ်စပ် မြေမာမာပေါ်မှာ ဟောင်းနွမ်းပိန်ချိုင့်နေသော ဒန်ခွက်ဟောင်းကလေးတွေ ချထားတတ်ကာ မိုးသည်းသည်းမှာရော၊ နေကျဲကျဲမှာပါ မထတမ်း တောင်းရမ်းနေတတ်သည်။

တစ်ခါတုန်းကတော့ ကျွန်တော့်ရှေ့မှာပင် မိန်းကလေးတစ်ယောက် လမ်းကျဉ်းထဲမှာ လဲကျသွားဖူးသည်။ သူမက လူးလူးလှုပ်လှုပ် ကျောက်တုံးတွေပေါ်ကို ကျွန်တော့်အလျင် ဦးအောင်လုပြီး နင်းသည်။ လုတက်လိုက်သော အရှိန်ကြောင့် ဒုတိယကျောက်တုံး တစ်တုံးပေါ်ကို နောက်ခြေတစ်ဖက်က ဟန်ချက်မဲ့စွာ နင်းမိသွားသည်။ ကျောက်တုံးက တစ်ဖက်ကို လိမ့်စောင်းသွားတော့ သူမပါ လဲကျသွားသည်။ ရွှံ့ရေထဲကို ရုပ်ပျက်ဆင်းပျက် လဲကျသွားခြင်း ဖြစ်သည်။

ဘာပဲဖြစ်ဖြစ် လမ်းကျဉ်းကလေးကို ဖြတ်သန်းရသူချင်း ခဏကလေး ဖြတ်ရတုန်းမှာ တစ်ဦးနှင့်တစ်ဦး နားလည်ဖို့ပဲ လိုသည်။ တစ်ဦးကိုတစ်ဦး ညှာဖို့ပဲ လိုသည်။ ဒါပေမဲ့ တချို့က နားမလည်ကြ။ စက်ဘီးတွေက ပိုဆိုးသည်။ လမ်းက ကျဉ်းရသည့်အထဲ စက်ဘီးတွေ တွန်းဝင်လာတာ ရှိသေးသည်။ တွန်းလာရင်းက လမ်းကျဉ်းကလေးထဲမှာပဲ ရပ် စကားပြောနေကြတာ ရှိသေးသည်။ နောက် အမူးသမားတွေ … သူတို့ကိုလည်း ရှောင်ရတိမ်းရတတ်သည်။

တစ်ကိုယ်ကောင်းဆန်သော ဈေးသည်တချို့ ရှိသည်။ ရာဘာဖိနပ်တွေ တစ်ဖက်နှင့်တစ်ဖက် တဖန်းဖန်းရိုက်ကာ ဖိနပ်ကောင်းကြောင်းကို လူတွေကြားမှာ မလွတ်မလပ် လုပ်ပြနေသူတွေ ရှိသည်။ လမ်းကျဉ်းကလေးထဲမှာပဲ ဆိုင်ကြီး ခုံကြီး ခင်းကာ ရောင်းတတ်သော စားမြိန်ဆိုင်တချို့ ရှိသေးသည်။ လိုချင်မှန်းမသိ မလိုချင်မှန်းမသိ တွန်းထိုးရောင်းတတ်သော စီးကရက်သည်တွေ ရှိသည်။

ညနေစောင်းမှာတော့ လမ်းကျဉ်းကလေးတစ်ခုလုံး ပြည့်သွားတတ်သည်။ ကျောင်းဆင်းချိန်မှာ အစိမ်းရောင် မြွေနဂါးတစ်ကောင်လို လမ်းကျဉ်းကလေးက တလွန့်လွန့် ရှိနေတတ်သည်။ အလုပ်သမားတွေ လွှတ်ချိန်မှာတော့ ပြာမှိုင်းရောင် ရေစီးချောင်းကလေးနှင့် တူနေတတ်ပြန်သည်။

ကိုယ့်ကိစ္စနှင့်ကိုယ် ဆိုတော့လည်း လမ်းကျယ်ကိုရောက်ဖို့ အလုအယက်ရှိရသည်သာ။

* * *
(၇)

မိုးသားတွေ တက်လာပြန်ပြီ။ ဈေးရုံထဲမှာ မှောင်မည်းနေသည်။ မီးပျက်နေတော့ လိုတာထက်ပိုပြီး ညို့ရီမှိုင်းအုံ့နေသည်။ ကိုတင်ဝင်းဆိုင်ကလေးထဲက လှမ်းမြင်နေရသော လမ်းကျဉ်းကလေး၏ တစ်စိတ်တစ်ပိုင်းကို ကျွန်တော် ငေးနေမိလေသည်။ မီးပျက်နေသဖြင့် ကက်ဆက်သီချင်းသံတွေ မရှိ။ ကိုတင်ဝင်းက လက်ဖက်ရည်တစ်ခွက် မှာသည်။ စီးကရက်တစ်ပွဲ မှာသည်။

“ဘာငေးနေတာလဲ”

“ဘာရယ် မဟုတ်ပါဘူး”

“ဘာလဲ … ဝတ္ထုရေးချင်လို့လား။ ရေးရင် ‘လူ့ခရီး’ ဆိုပြီး ခေါင်းစဉ်တပ် ရေးစမ်းပါဗျာ။ ဒီလမ်းကျဉ်းကလေးက ဘဝကိုထင်ဟပ်တယ်ဗျ။ ဒါမှမဟုတ် ကျဉ်းမြောင်းခြင်းနဲ့ ကျယ်ပြော လွတ်လပ်ခြင်း ရသကို ပီအောင်ဖွဲ့ဗျာ”

ကျွန်တော်က ကိုတင်ဝင်း၏စကားတွေကို မကြားတစ်ချက် ကြားတစ်ချက် …

အိပ်တန်းပြန်ချိန် …
လမ်းကျဉ်းကလေးထဲမှာ တွန်းတွန်းထိုးထိုး သွားနေသော လူတွေက မိုးရိပ်ကြောင့် ပိုမိုမြန်ဆန် သွက်လက်နေသည်။ ထိုစဉ်မှာပင် မိုးတွေ ဝေါခနဲ သွန်ကျလာသည်။ ပိုမိုမည်းမှောင်သွားသည်။ အိုက်စပ် ပူလောင်နေရာမှ မိုးသက်လေကြောင့် အေးမြသလို ခံစားနေရသည်။ မိုးက သည်းသထက် သည်းလာသည်။

ကြည့်စမ်း … ထီးတွေ … ထီးတွေ …
လမ်းကျဉ်းကလေး တစ်ခုလုံး ထီးတွေနှင့် ပြည့်နှက်သွားသည်။ ပန်းချီပြပွဲတစ်ခုမှာ ပြသခဲ့ဖူးသော မိတ်ဆွေပန်းချီဆရာ၏ ‘ထီးများ’ ပန်းချီကားကို ဖျတ်ခနဲ သတိရမိပြန်သည်။

ထီးတွေက ရောင်စုံ။
အနက်တွေကတော့ များသည်။ ခရမ်း၊ အပြာ၊ အဝါ၊ အနီ၊ အစိမ်း၊ အညို၊ အကျားအကျား။ ဘေးနှစ်ဖက်နှစ်ချက်က ဈေးဆိုင်တန်းတွေက အမိုးတွေထုတ်လိုက်တော့ ထီးတွေနှင့်မလွတ်ချင်။ ပြီးတော့ လူပေါင်းများစွာတို့၏ ထီး ရာပေါင်းများစွာတို့က လမ်းကျဉ်းကလေးထဲမှာ ထိစပ်နေသည်။

လွတ်လွတ်လပ်လပ်သွားလို့ မရတော့။ တိမ်းကာယိမ်းကာ ငဲ့ကာစောင်းကာ သွားနေကြရသည်။ ငယ်ငယ်က ရေစီးမြောင်းထဲကို ဗျောက်ပွင့်တွေ မျှောတာနှင့် တူနေသည်။

အထက်စီးက ကြည့်ခွင့်ရလျှင်တော့ ထီးတန်းကို တလှုပ်လှုပ် ရွေ့မျောနေတာ တွေ့ရမည် ထင်သည်။ ဝါးထရံတွင်း တံတားအလုပ်သမားတွေဆီက ဟေးလား … ဟေးလား … ငြာသံပေးသံတွေ မိုးရေထဲကို တိုးဖြတ်လာသည်။ မိုးထဲ ရေထဲမှာ လေးလံသော အရာဝတ္ထုတစ်ခုခု ရွှေ့မ နေကြဟန် တူသည်။ ခေတ်မီလှပသော တံတားသစ်တစ်စင်းကို ထုဆစ်နေသူများ …

အခုတော့ မိုးရေပြည့် လမ်းကျဉ်းကလေးထဲမှာ ထီးရောင်စုံတွေ တရွေ့ရွေ့ … တိမ်းကာငဲ့ကာ တရွေ့ရွေ့ … ဒါကိုပဲ ကျွန်တော် ငေးနေမိခြင်း ဖြစ်လေသည်။


(ရုပ်ရှင်အမြုတေမဂ္ဂဇင်း)


* * * * *
 
 
မြေခွေး

(၁)

ကိုကျောက်စီ ဆိုတဲ့လူကို တစ်နယ်လုံးကသိကြတာတော့ မဟုတ်ဘူး။ သူနေတဲ့တဲကလေးနဲ့ တော်တော်လေးလှမ်းတဲ့ တန်းလျား လေးငါးလုံးကလူတွေ (မသကာ ရှိလှရင် လူခြောက်ဆယ်လောက်) ကပဲ သိတာပါ။

ကျောက်စီ ဆိုတဲ့နာမည်ကိုလည်း တချို့က ကျောက်စိ တဲ့၊ တချို့က ကျောက်စီ တဲ့။ ကိုကျောက်စီကလည်း ထူးလိုက်တာပါပဲ။ သူ့ဟာသူတောင် ကျောက်စိ လား၊ ကျောက်စီ လား၊ ကျောက်စည် လား သိတာမဟုတ်ဘူး။

သူ့ပုံက ကျောက်ပွင့်ကလေးတွေစီထားတဲ့ ကျောက်စီတော့ မဖြစ်နိုင်ဘူး။ ဘုန်းကြီးကျောင်းတွေက အင်ကြင်းပင်ကြီးတွေ သိပ်ကြီးသွားလို့ ကျောက်ဖြစ်သွားတဲ့အခါ လုပ်လေ့ရှိတဲ့ ကျောက်စည်းထိုးတဲ့ ကျောက်တုံးကြီးတစ်တုံးနဲ့ တူလို့ ဖြစ်ချင်းဖြစ်ရင် ကျောက်စည် ဆိုတဲ့နာမည်နဲ့က ပိုလိုက်တယ်။

ထားပါတော့၊ ကျောက်စီပဲ။ လူက မည်းလိုက်တာ သပိတ်ကိုသာ ကြည့်တော့။ ခေါင်းတုံးကလည်း အမြဲရိတ်တော့ ဦးပြည်းဟာ ဘယ်တော့မဆို ပြောင်နေလေ့ရှိတယ်။ ရုပ်ကလည်း ဇာတ်ထဲက ဘီလူးခေါင်းစွပ်ကို တွေ့ဖူးတယ် မဟုတ်လား၊ အဲဒီရုပ်မျိုး။ မျက်ခုံးနဲ့ မျက်လုံးတွေက အပေါ်ကို ထောင်တက်နေတော့ အမြဲတမ်း ရန်လိုနေတဲ့ မျက်နှာပေးက ထင်းခနဲ ပေါ်နေတတ်တယ်။

ရင်ဘတ်မှာက မင်ကြောင်ထိုးနဂါးတစ်ကောင် ရှိတယ်။ မည်းနေတဲ့ အသားပေါ်က စိမ်းဖန့်ဖန့်ဆေးမင်ရယ်၊ နဂါးအကြေးနဲ့ ဟင်္သပြဒါးအနီရယ်ဟာ ရုတ်တရက်ကြည့်ရင် မပေါ်ချင်ဘူး။ ဒါပေမဲ့ နဂါးခေါင်းကတော့ သေသေချာချာကြည့်ရင် သိပ်အနုစိတ်တဲ့ခေါင်းမျိုး ဗမာနဂါးလည်း မဟုတ်ဘူး။ အကွေးအတွန့်တွေနဲ့ အမွေးအမှင်တွေများတဲ့ စိန့်တိုင်းက နဂါးရုပ်မျိုး။

အကြေးခွံတွေအထပ်ထပ်နဲ့ နဂါးကိုယ်လုံးဟာ သူ့ ရင်ဘတ်ကတစ်ဆင့် ညာဘက်လက်မောင်းကနေ ဆင်းသွားလိုက်တာ ညာဘက်လက်ခုံပေါ်မှာ ဆုံးတယ်။ ရင်ဘတ်ကနဂါးခေါင်းက အောက်ဘက်ကို ပါးစပ်ဖြဲ လှည့်ထားတော့ ဝမ်းဗိုက်တစ်ခုလုံးနီးပါးဟာ နဂါးခေါင်းနဲ့ ပြည့်နေလေရဲ့။

“ကျောက်စီတို့ကတော့ ‘နတ်၊ ပြာ၊ တွဲ - တောင်’ တို့၊ ‘တော်၊ ကျွတ်၊ မုန်း - ရှေ့’ တို့ မဟုတ်ဘူးဗျ။ အမြဲတမ်း နဂါးခေါင်း အောက်ကိုလှည့်တယ်”

လို့ မူးလာရင် အမြဲပြောတတ်တယ်။ အမြဲပြောနိုင်ဖို့ကလည်း အမြဲမူးနေဖို့ လိုတယ် လို့လည်း တွက်ထားဟန်တူပါရဲ့။ အရက်နဲ့ မျက်နှာသစ်၊ အရက်နဲ့ ပလုတ်ကျင်း၊ အရက်နဲ့ပဲ ထမင်းစား၊ အရက်နဲ့ပဲ ခြေဆေးတယ် ဆိုတဲ့လူ။

လောလောဆယ်တော့ သူဟာ လူသူနဲ့ဝေးဝေး တောအုပ်ညို့ညို့ကြီးထဲက တဲကလေးတစ်လုံးမှာ နေတယ်။ သူ့ပတ်ဝန်းကျင်မှာ အင်မတန် နက်ရှိုင်းတဲ့ ကျင်းကြီး၊ ချိုင့်ကြီးတွေ ရှိတယ်။ အတော်အတန် ကြီးတဲ့ သစ်ပင်ကြီးတွေ ရှိတယ်။ တောင်ကုန်းမြင့်မြင့်ကြီးတွေ ရှိတယ်။ ပြီးတော့ သူ တာဝန်ယူစောင့်ရတဲ့ မြေကော်တဲ့ယန္တရားကြီးတစ်လုံးလည်း ရှိတယ်။

ဒီယန္တရားကြီးဟာ အဲသည်ပတ်ဝန်းကျင်က တောတွေ၊ တောင်ကုန်းတွေကို ဖြိုတဲ့ ယန္တရားကြီးပဲ။ ကျင်းတွေ၊ ချိုင့်တွေဟာ အဲသည် ယန္တရားကြီးရဲ့ လက်ချက်ပဲ။ အမြဲတမ်းတော့ မဟုတ်ဘူး၊ လိုအပ်တဲ့အခါ ယန္တရားမောင်းတဲ့လူ ရောက်လာပြီး ကော်တော့တာပဲ၊ ဖြိုတော့တာပဲ၊ တူးတော့တာပဲ။ မလိုအပ်တဲ့အခါ သုံးလေးလ မလာပြန်ဘူး။

ဘာပဲဖြစ်ဖြစ် ကိုကျောက်စီက ပစ္စည်းတွေမပျောက်ပျက်အောင် စောင့်ရတယ်။ စက်ကြီးက တောထဲမှာ နှစ်ပေါက်အောင်ရှိနေတတ်တော့ သူကလည်း နှစ်ပေါက် နေနေရတော့တယ်။ သည်တောထဲမှာကိုပဲ သူနေရတာ ရှစ်နှစ် ပြည့်တော့မယ်။ သောက်ရေအိုးအညှိတက် တစ်လုံး၊ သင်ဖြူးဟောင်း တစ်ချပ်နဲ့ မီးဖိုချောင်ပစ္စည်းလေး အနည်းအကျဉ်းက လွဲရင် တဲထဲမှာလည်း ဘာမှမရှိဘူး။

ယန္တရားကြီးအလုပ်ရှိတဲ့အခါ သူ အူစိုတယ်၊ ဆီလေးဘာလေးလည်း ရတယ်၊ ပိုက်ဆံလေးဘာလေးလည်း ရတယ်။ ကျန်တဲ့အချိန်ကတော့ ကလေးတွေပြောသလို လက်ချည်းပဲ။ ရတဲ့လခကလေးနဲ့ စားရတာပဲ။ တစ်လ တစ်လ ရတဲ့လခကလေးဟာ မနီးမဝေးတန်းလျားက အိမ်ဆိုင်ကလေးကို အရက်ဖိုးဆပ်တာနဲ့ ကုန်တာပါပဲ။ လဆန်းရင် ပြန်စ၊ လကုန်ရင် အတိုးဆပ် … သည်လိုနဲ့ လည်ပတ်နေတာပါပဲ။

အိမ်ဆိုင်ကလေးကလည်း အရက်ကောင်းကောင်း ရောင်းတာ မဟုတ်ဘူး၊ တာဇံလို့ ခေါ်တဲ့ ကောက်ညှင်းအရက် ခေါ်မလား၊ ထန်းလျက်အရက် ခေါ်မလား၊ အဲဒါပဲ ရတာ။ ဘာပဲဖြစ်ဖြစ် သူ့အတွက်တော့ ညနေစောင်းရင် သူ့တဲကလေးကနေ နာရီဝက်မရှိတရှိလောက် လျှောက်လာ၊ တန်းလျားခန်းတွေထဲကို ဝင်၊ တစ်ခွက်တစ်ဖလား သောက်၊ ပြီးရင် ပြန် … ဒါဟာ နေ့စဉ် သူလုပ်နေကျပဲ။

အရင်တုန်းကတော့ (သည်ယန္တရားကြီးကို လုံခြုံရေးမစောင့်ရခင်တုန်းကတော့) ဘဝ တော်တော်များများမှာ ကျင်လည်ခဲ့တာ ထားပါတော့၊ အခု ဒီဘက်ရှစ်နှစ်လောက်ကတော့ သူ့မှာ မနက်-ည သည်တန်းလျားလေးကို လာပြီး အရက်သောက်၊ ပြီးရင် ပြန်ပဲ။ တောထဲက တဲကလေးထဲမှာ ညဘက် ဒီဇယ်ဆီ မီးခွက်ကလေးနဲ့ မှိတ်တုတ်မှိတ်တုတ် နေတော့တာပါပဲ။

ခက်တာက ယန္တရားကြီးမလည်ရတာ ကြာပြန်ပြီ။ ယန္တရားမောင်းတဲ့လူကလည်း ယန္တရားမလည်တော့ မလာတော့ဘူး။ သည်တော့ သူ့မှာ တခြားဝင်ငွေလည်း မရှိဘူး။

အစားမှန်မှန် မစားတာရော၊ အရက်တွေ ထောင်းထအောင် သောက်တာရောကြောင့် သူလည်း တစ်စတစ်စ ပိန်ချုံးသထက် ပိန်ချုံးလာတယ်။

သူ ပိန်ချုံးလာတော့ သူ့ရင်ဘတ်ကနဂါးကြီးကလည်း ပိန်ချုံးလာတော့တာပဲ။ လက်တွေခြေတွေလည်း တုန်လာတယ်။ မကြာမကြာလည်း အအေးမိတယ်။ အဆုတ်ကလည်း ပွချင်တယ်။ ခြင်တွေ၊ ဖြုတ်တွေကလည်း သီးနေအောင်ကိုက်ထားတော့ အရေပြားတွေမှာလည်း အနာ့ပဆုပ်တွေ၊ ပွေးတွေ၊ ဝဲစိုတွေ၊ ညှင်းကြီးကွက်တွေနဲ့ အပြည့်ပဲ။

ရေ ဆိုတာကလည်း တူးထားတဲ့ချိုင့်တွေထဲက တင်နေတဲ့မိုးရေကို ချိုးရင် ချိုး၊ သောက်ရင် သောက်၊ ဒါပဲ။ ဘယ်ကမှ ရေသန့်သန့် မရနိုင်ဘူး။

အဲသလိုနဲ့ …
အဝါရင့်ရောင် ယန္တရားကြီးရယ်၊ တဲကလေးတစ်လုံးရယ်၊ သူရယ်၊ သူ့ရင်ဘတ်က နဂါးတစ်ကောင်ရယ်၊ ကျင်းတွေချိုင့်တွေရယ်၊ သစ်တောညို့ညို့ရယ်၊ ဖျာတစ်ချပ် ရေအိုးတစ်လုံးရယ်၊ တာဇံထည့်တဲ့ ပုလင်းလွတ် လေးငါးလုံးရယ်က လွဲရင် သူ့မှာ တွယ်တာစရာ ဘာသံယောဇဉ်မှ မရှိဘဲ နေလာတာကိုက ပြောခဲ့ပါပြီကော၊ ရှစ်နှစ်လောက်ရှိပြီ လို့။

* * *

(၂)

ရေတမာရွက် ကြမ်းကြမ်းတွေ ကြားက နှင်းဆီပွင့်တွေဟာ ရောင်စုံပဲ။ လှလိုက်တာလည်း မပြောနဲ့တော့။

အဝါလည်း ပါတယ်၊ ပန်းသွေးနုနုတွေလည်း ပါရဲ့၊ ကြက်သွေးရောင် စိုစိုဖတ်ဖတ်ကြီးတွေ ဆိုတာကလည်း မနည်းဘူး၊ နှင်းဆီရနံ့တွေကလည်း သူ့တဲကလေးထဲမှာ ကြိုင်လို့လှိုင်လို့။

လှချင်တိုင်းလှနေတဲ့ နှင်းဆီပွင့်တွေကို ကိုကျောက်စီ ငေးတောင်နေမိတယ်။ အပွင့်ရောင်စုံတွေကိုလည်း သူ့လက် ကြမ်းကြမ်းကြီးတွေနဲ့ တယုတယ ပွတ်သပ်ကြည့်မိသေးတယ်။

ကိုကျောက်စီက သူ့ရဲ့ ကတုန်ကယင်လက်တွေနဲ့ နှင်းဆီပွင့်ကလေးတွေကို အသာအယာဆွဲနုတ်တယ်။ အဝါတွေကို သတ်သတ် ဖယ်တယ်၊ ပန်းရောင်အဖူးကလေးတွေကို သီးသန့်ထားတယ်။ ကြက်သွေးရောင် နီညိုညိုအပွင့်ကြီးတွေကိုတော့ များလွန်းလို့ နှီးစမျှင်မျှင်ကလေးတွေနဲ့ အရင် စည်းတယ်။ ငါးပွင့် တစ်စည်း၊ လေးပွင့် တစ်စည်း စည်းတယ်။ ဖြစ်သင့်တာက ဆန်ကောလို၊ လင်ပန်းလို အချပ်ကြီးထဲမှာ စီပြီးထည့်ထားရမှာ။ သူ့မှာ ဆန်ကောမရှိဘူး။ သည်တော့ တောငှက်ပျောရွက်ကြီးတွေနဲ့ တစ်ရောင်စီ ခွဲထုတ်တယ်။

ရေညှိတက်နေတဲ့ သောက်ရေအိုးက ရေ တစ်ခွက် ခပ်တယ်။ တစ်ဝက်ကို သောက်တယ်။ တစ်ဝက်ကို ပန်းတွေအပေါ် ဖျန်းတယ်။ တဲအပြင်ထွက်ပြီး အလင်းရောင်ကိုကြည့်တယ်။ အချိန် ရှိသေးတယ်၊ ရှိလှမှ သုံးနာရီခွဲပဲ။

သူ နှစ်နှစ်ခြိုက်ခြိုက် ပြုံးလိုက်တယ်။ တာဇံနည်းနည်း သောက်လိုက်တယ်။ ပြီးတော့ တန်းလျားဘက်ကို နှင်းဆီဖက်တွေပိုက်ပြီး ထွက်လာခဲ့တယ်။

တစ်သက်နဲ့တစ်ကိုယ် ကိုကျော်စီ ပန်းရောင်းတာ မတွေ့ဖူးကြတဲ့ တန်းလျားထဲကလူတွေ ကိုကျောက်စီ ပန်းလာရောင်းတယ် ဆိုတော့ အထူးအဆန်းကိုဖြစ်လို့။ ဘယ်လိုဖြစ်တာလဲ၊ ဘာသဘောလဲ၊ ဘယ်လိုရည်ရွယ်ချက်နဲ့ ပန်းရောင်းဖြစ်သွားတာလဲ … အဲသလို တွေးကြတယ်။

“ကိုင်း … ပန်းတွေဗျို့ … ခြံပန်း လတ်လတ်ဆတ်ဆတ်တွေ၊ နှင်းဆီတွေ … ”

တချို့ကလည်း ရယ်ကြတယ်၊ တချို့ကလည်း သနားကြတယ်၊ တချို့ကလည်း ဒီကောင် လုပ်လာပြန်ပြီ လို့ တွက်ကြဟန်တူပါရဲ့ ခပ်တည်တည်ပဲ။

မည်းချိပ်နေတဲ့အသား၊ အင်္ကျီမပါ၊ ဖိနပ်မပါ၊ ပုဆိုးတိုတို (အဲဒီပုဆိုးကလည်း နှစ်ပေါက်ပုဆိုးပဲ)နဲ့ နှင်းဆီပန်းရောင်စုံနဲ့က ဘယ်လိုမှကို ဆက်စပ်ကြည့်လို့ မရဘူး မဟုတ်လား။

တန်းလျား ဟိုဘက်ထိပ်က ဒီဘက်ထိပ်ကို တစ်ခေါက်ပဲ လျှောက်ရတယ်၊ နှင်းဆီပန်းတွေ လုယူလိုက်သလို ကုန်သွားတယ်။

အဲသည် ဝယ်ကြတဲ့မိန်းမတွေထဲမှာ သူလာသောက်နေကျ တာဇံရောင်းတဲ့ဆိုင်က မိန်းမကိုတော့ သူ မရောင်းဘူး။ အဲဒီမိန်းမက နှင်းဆီအဝါတစ်စည်းကို လာကိုင်တယ်။ သူက အတင်းပြန်ယူလိုက်တယ်။ ဘာမှတော့ မပြောဘူး။

အဲသည်မိန်းမက “ရှင့်အရက်ကြွေးနဲ့ မနှိမ်ပါဘူး၊ ပိုက်ဆံပေးမှာပါ” လို့ ပြောတဲ့ကြားကကို သူ မရောင်းတာ။ “ခင်ဗျားကို သတ်သတ် အလကားပေးပါ့မယ်၊ နောက်မှယူပါဗျာ” လို့ပဲ ပြောတယ်။

အဲသည်မိန်းမလည်း စိတ်ဆိုးသွားတယ်နဲ့ တူပါတယ်၊ “သောက်ကြီးသောက်ကျယ်” လို့ တစ်ခွန်းပဲ ပြောပြီး ပြန်သွားတယ်။ ဒါပါပဲ၊ ကျန်တဲ့မိန်းမတွေအားလုံးကို ရောင်းလိုက်တာပါပဲ။ ဈေးထဲမှာ တစ်စည်းကို ခုနစ်ကျပ် ရှစ်ကျပ် ပေးရမယ့် အစည်းတွေကို လေးကျပ် ငါးကျပ်နဲ့ ရောင်းတော့ နှင်းဆီပန်းတွေအားလုံးဟာ ခဏကလေးနဲ့ ကုန်သွားတယ်။

ကိုကျောက်စီရဲ့ စိတ်တွေဟာလည်း ပေါ့ပါးလွတ်လပ်သွားတယ်။ အဘွားကြီးတစ်ယောက်ကတော့ လူကြီးမဟုတ်လား၊ ကိုကျောက်စီ ပန်းရောင်းတယ်ဆိုတော့ ဝမ်းသာလို့ အားပေးတဲ့အနေနဲ့ တစ်စည်းဝယ်တယ်။

“ငါ့တူ ကျောက်စီလည်း မရောင်းစဖူး ပန်းတွေဘာတွေရောင်းလို့ပါလား။ သာဓုတော် … သာဓု … ကိုယ်တော်လေးဆက်ရမယ် … မှန်း … တစ်စည်းကို ဘယ်လိုရောင်းတုံး”

လို့လည်း ပြောတယ်။ မရောင်းစဖူး ဆိုတာ အဓိပ္ပာယ်ရှိတယ်။ ကောင်းရောင်းကောင်းဝယ် လုပ်စားနေပါရောလား လို့ ပြောလိုက်တာလည်း ဖြစ်တယ်။

သူတို့သိထားတဲ့ကျောက်စီဟာ ဘယ်တုန်းကမှ ကောင်းရောင်း ကောင်းဝယ် ရှိခဲ့တာမှ မဟုတ်တာကိုး။

မနက်မိုးလင်းအောင် သောက်ပြီး သောက်ပြီးရင် စရိုက်ကြမ်းကြမ်းနဲ့ ရိုက်ဖို့နှက်ဖို့လောက် စဉ်းစားနေတဲ့လူ၊ ခိုးဖို့ဝှက်ဖို့ ကြည့်နေတဲ့လူ မဟုတ်လား။ သူ့တဲနဲ့မနီးမဝေး တောထဲမှာ ကိုးကျင်းကိုးကြောင်း လျှောက်သွားနေတဲ့ နွားတစ်ကောင်ရဲ့ တင်ပါးသားတွေချည်းပဲ ရဲတင်းနဲ့ခုတ်ယူရင် ယူလိုက်တဲ့လူ မဟုတ်လား။ တင်းပါးဆုံသား အိအိကြီးတွေ ပါမလာတဲ့ နွားတွေဟာ နည်းတာမှ မဟုတ်တာ။ ပိုင်ရှင်တွေက ကိုကျောက်စီ လက်ချက်မှန်းလည်း သိပါတယ်၊ ခက်တာက ကိုယ်တိုင်မမြင်ဘူးလေ၊ ပြေားလည်း မပြောရဲဘူးလေ။

နောက် လုပ်နေကျ ရှိသေးတယ်။ ဟိုဘက်ထိပ် ဒီဘက်ထိပ် ငုတ်ရိုက်၊ လေးခွသားရေ တင်းတင်းဆွဲချည်၊ ပြီးရင် ထစ်ကလေးတစ်ခု ခံပြီး ကြိုးနဲ့ ခပ်ဝေးဝေးကိုဆွဲထား၊ သားရေကြိုးပတ်လည်မှာ ဆန်စေ့တွေ ကြဲထား၊ စာကလေးတွေက အုပ်လိုက်ဝင်စားပြီ ဆိုတော့မှ ကြိုးနဲ့ခလုတ်ကို ဖြုတ်လိုက်ရင် စာကလေးဆယ်ကောင်လောက်ဟာ တုံးလုံးပက်လက် ကျန်ရစ်ခဲ့ရော။ ဒါဟာ ကိုကျောက်စီအတွက် အမြည်းပဲ။ အဲသည်ညနေဟာ တာဇံနဲ့ စာကလေးကင် ညနေပဲ။

သည့်အရင်ကလည်း ပန်းရန်နောက်လိုက် ဆိုပြီး တစ်ရက် နှစ်ရက် ပန်းရန်လိုက်လုပ်ဖူးတယ်။ နောက်တစ်နေ့ မလိုက်ရတော့ဘူး။ ပန်းရန်ဆရာခေါင်းဆောင်ရဲ့ ညို့သကျည်းကို ခုတ်တူနဲ့ ခုတ်ပစ်ခဲ့လို့ တဲ့။

ကိုကျောက်စီအတွက် တစ်ခုကောင်းတာက သူ့မိခင်ဌာနက သူရှိနေတဲ့တဲကလေးနဲ့ တော်တော်ကြီးဝေးတဲ့နေရာမှာ ရှိနေတာပဲ။ သည်ယန္တရားကြီးနဲ့ ကိုကျောက်စီ ရှိတဲ့နေရာကို တော်ရုံတန်ရုံ တာဝန်ရှိတဲ့လူကလည်း ရောက်လာလေ့ မရှိဘူး။ ယန္တရားကြီးကပစ္စည်း မပျောက်သရွေ့ ကိုကျောက်စီဟာ ယန္တရားနဲ့အတူရှိသလား မရှိဘူးလား၊ ဂရုတစိုက် စောင့်ကြည့်သလား မစောင့်ကြပ်ဘူးလားလည်း သိပ်စစ်ဆေးလေ့ မရှိဘူး။

သည်တော့ သူ စိတ်ကူးတည့်ရာ လုပ်လေ့ရှိတယ်။ ယန္တရားကြီးကို ပစ်ထားလေ့ရှိတယ်။ ယန္တရားကြီးကိုပစ်ထားပြီး သွားချင်ရာသွားနေတာပဲ။ လုပ်ချင်တဲ့အလုပ် ထွက်လုပ်နေတာပဲ။ လုပ်တိုင်းလည်း ဇာတ်သိမ်းက မကောင်းဘူး။ ပြဿနာနဲ့ ဆုံးတာချည်းပဲ။

တော်ရုံတန်ရုံလည်း ကိုကျောက်စီရဲ့ ပုံပန်းသဏ္ဌာန်နဲ့ သူ့ရင်ဘတ်က နဂါးကြီးကို ကြောက်လို့ မပြောဖြစ်ကြတော့ဘူး။ နောက်တစ်ခါ မဆက်ဆံတာပဲ ရှိတယ်။ သူကတော့ စုံတယ်။ မိန်းမပျက်တချို့ကို ဆက်သွယ်ပေးတဲ့ အလုပ်လည်း လုပ်တယ်၊ ဝက်သေးအိမ်နဲ့ တာဇံသယ်ပေးတာလည်း လုပ်တယ်၊ အငှား ဝက်ပေါ် နွားပေါ်ဖို့ ရဲတင်းတစ်လက်နဲ့ အသင့်စောင့်နေတတ်တာလည်း ရှိတယ်၊ ခပ်တည်တည်နဲ့ မိုက်ကြေးခွဲတတ်တာလည်း ရှိတယ်၊ တာဇံဆိုင်လေးမှာ ခွက်တစ်လုံးနဲ့ လိုက်တောင်းပြီး သူများ သောက်စားနေတဲ့အထဲက ဆိုးခနဲ ဆတ်ခနဲ နှိုက်စားလိုက်တာလည်း ရှိတယ်။

တန်းလျားထဲကလူတွေ သိတဲ့ ကိုကျောက်စီက အဲသလို ကိုကျောက်စီကိုး … အခု ပန်းရောင်းတယ် ဆိုတော့ နားမလည်နိုင်ကြဘူး။ ဘာပဲဖြစ်ဖြစ် ပန်းရောင်းတာဟာ ကောင်းတဲ့အလုပ်ပဲ။ နူးညံ့ပျော့ပျောင်းလာတဲ့ သဘောပဲ။

ကိုကျောက်စီဟာ သည်လိုနည်းနဲ့ သူ့ဘဝကို ပြုပြင်လာတယ် ဆိုရင် ပြီးတာပဲ။ လူဆိုတာ မှားတုန်းက မှားခဲ့တာပဲ။ ကောင်းလာပြီ ဆိုရင်လည်း ဘာပြောစရာရှိမလဲ ခွင့်လွှတ်လိုက်ကြရတာပဲ မဟုတ်လား။

အဲသည်ညနေက ကိုကျောက်စီ အဘွားကြီးကို ပန်းတစ်စည်း အပိုပေးတယ်။ အဘွားကြီးကို မူးမူးနဲ့ ထိုင်လည်း ကန်တော့လိုက်သေးတယ်။ သူ့အတွက်ပါ ပန်းကပ်ပေးပါ ဆိုပြီး တစ်စည်းသတ်သတ် ပေးလိုက်သေးတယ်။ အဘွားကြီးဆိုတာ သာဓုချင်း မိုးမွှန်သွားတာပဲ။

ကိုကျောက်စီ ပြန်လာတော့ လက်ထဲမှာ ငွေလေးဆယ်ကျော်ကျော် ပါလာတယ်။ တာဇံရောင်းတဲ့အိမ်ကလေးဆီကို သွားတယ်။ တာဇံရောင်းတဲ့မိန်းမက သူ့ကို ပန်းမရောင်းလို့ မကျေနပ်ပေမယ့် လက်ငင်းပေးသောက်တော့ ရောင်းတာပါပဲ။ တစ်ပိုင်းသောက်တယ်၊ တစ်ပိုင်းကို ပုလင်းငှားထည့်လာပြီး ယူလာခဲ့တယ်။ သူ့တဲကလေးထဲရောက်တော့ ထပ်သောက်တယ်။ အူလည်း မြူးနေတယ်။ ပျော်လည်း ပျော်နေတယ်။

အဲသည်ညက ကိုကျောက်စီ နှစ်နှစ်ခြိုက်ခြိုက်ကြီး အိပ်ပျော်တယ်။ ခြင်တွေ ဖြုတ်တွေ တစ်ကိုယ်လုံးမှာ သီးနေတဲ့ကြားက အိပ်မက်တွေတောင် မက်နေလိုက်သေးတယ်။

* * *

(၃)

နောက်တစ်ရက်မှာတော့ နှင်းဆီပန်းတွေ မဟုတ်ပြန်ဘူး၊ ပန်းတော့ပန်းပဲ။ ဂန္ဓမာတွေ … ရောင်စုံလည်း မဟုတ်ဘူး၊ အဖြူတွေချည်း သန့်သန့်။ ဂန္ဓမာဖြူ ပွင့်တွေဟာလည်း အပွင့်ထွားထွားကြီးတွေပါပဲ။ လှနေတာပါပဲ။

ဂန္ဓမာပွင့်တွေကိုလည်း တောငှက်ပျောဖက်နဲ့ သေသေသပ်သပ် ထုပ်တယ်။ ရေဖျန်းတယ်။ တန်းလျားဘက်ကို ထွက်ရောင်းတယ်။

“ဟော … ကိုကျောက်စီကြီး … နှင်းဆီပန်း မရတော့ဘူးလား”

“အင်း … ကနေ့ ဂန္ဓမာပဲရလာလို့ … ကောင်းလိုက်တာ၊ ဂန္ဓမာတွေ ယူပါဦး”

“နေပါဦး … ဘယ်ကယူရောင်းတာလဲ”

“ခြံက … သူငယ်ချင်းခြံက … အဝေးကြီးပါဗျာ။ မတတ်နိုင်ဘူးဗျာ၊ တစ်နေ့ နှစ်ဆယ်ကျန်ကျန် အစိတ်ကျန်ကျန် လုပ်ရတော့တာပဲ”

“ကောင်းတာပေါ့ … ဒီအစည်းကြီးက ဘယ်လိုရောင်းတုံး”

“ငါးကျပ်နဲ့ပဲ ယူ”

သည်လိုနဲ့ ဂန္ဓမာတွေလည်း ကုန်သွားတာပဲ။

အဲသည်နေ့ကလည်း ကိုကျောက်စီ မြက်မြက်ကလေးရတယ်။ ငါးဆယ်ကျော်ကျော် ရတယ်။ သည်ကနေ့ တန်းလျားကမိန်းမဆိုင်မှာ သွားမသောက်တော့ဘူး။ ကိုမောင်ကွန့် ဘီအီးဆိုင်ဘက်ကို သွားတယ်။ ပဲခြမ်းသုပ်ကလေးနဲ့ ဘီအီးတစ်ပိုင်းနဲ့ ထိုင်နေလိုက်တာ ညနေခြောက်နာရီကပ်နေပြီ ဆိုတော့မှ ထ တယ်။

အဲသည်ညက ဘီအီးသောက်လာပေမယ့် တဲကိုရောက်တော့ တာဇံနဲ့ပိတ်တယ်။ တော်တော်လေး မူးတော့မှ ရပ်တယ်။

သူ့မျက်နှာကြီးဟာ အဲသည်ညက တော်တော်ကြောက်စရာ ကောင်းနေတယ်။ အရက်မူးနေတဲ့ ဘီလူးတစ်ကောင်နဲ့လည်း တူနေတယ်။ အဲသည်ညက တဲအပြင်မှာ ထိုင်နေရင်းက ပန်းရောင်းရတဲ့ငွေတွေကို ရေတယ်။ တဲခေါင်မိုးမှာ ပိုက်ဆံခေါက်ကို ညှပ်တယ်။

ဘာစိတ်ကူးပေါက်လို့လဲ မသိဘူး၊ ကိုကျောက်စီ တဲရှေ့က ကွင်းပြင်ကို ကြည့်ရင်း ရယ်တယ်။ အားရပါးရကို ရယ်တာ။

တောတွေ၊ တောင်ကမူတွေ၊ ချိမ့်ဝှမ်းတွေ ကြားမှာ အဲသည်ညက ကိုကျောက်စီရဲ့ရယ်သံဟာ ချောက်ချားစရာ ကောင်းနေတယ်။ ကိုကျောက်စီရဲ့ဝမ်းဗိုက်ပေါ်က နဂါးကြီးဟာလည်း အဲသည်ညက မာန်စွယ်တဖွေးဖွေးနဲ့ … တလှုပ်လှုပ်နဲ့ … ထိလိုက်ရင် ပေါက်လိုက်မယ့် အစွယ်တွေနဲ့ … မျက်စောင်းတစ်ချက်ထိုးလိုက်ရင် ပြာဖြစ်သွားလောက်တဲ့ မျက်လုံးတွေနဲ့ …

နောက်နေ့တွေ နောက်နေ့တွေမှာလည်း ကိုကျောက်စီ ပန်းရောင်းထွက်တာပါပဲ။ ညနေတိုင်း တောငှက်ပျောရွက်ကလေးနဲ့ စည်းလာတဲ့ အစည်းထဲမှာ ပန်းတွေသာပြောင်းသွားတယ်၊ ပန်းတွေတော့ ပါတာချည်းပဲ။

တစ်ခါတစ်ခေါက်တော့လည်း ပန်းပြတ်သွားတာလည်း ပါတယ်။ မလာဖြစ်ဘူး။ တစ်ခါတစ်ခေါက်လည်း ဆက်တိုက်ရောင်းဖြစ်နေပြန်ရော။ ပန်းရရင် ရသလို ဆိုပါတော့။

ပန်းတွေကတော့ အမျိုးမျိုးပေါ့လေ။
တစ်ခါတစ်ခါ နှင်းဆီ၊ တစ်ခါတစ်ခါ ဂန္ဓမာ၊ တစ်ခါတစ်ခါ ဖယောင်းပန်း ရိုးတံရှည် အနီ-အဖြူ၊ တစ်ခါတစ်ခါ ဟော်လန်ဒေစီ၊ တစ်ခါတစ်ခါ အာဖရိကန်ဒေစီ … ။

* * *

(၄)

ပထမတော့ ကိုကျောက်စီ ပန်းလာမရောင်းတဲ့ နှစ်ရက်လောက်ကို တန်းလျားစုကလူတွေက သတိမထားမိကြဘူး။ ပန်းမရတဲ့နေ့တွေမှာ ကိုကျောက်စီ လာလေ့မှမရှိတာကိုး။

ကိုကျောက်စီ သောက်နေကျ တာဇံဆိုင်ကလေးကိုလည်း နှစ်ရက်လောက် မရောက်ဖြစ်ဘူး။ ဒါလည်း ကိုမောင်ကွန့် ဆိုင်ဘက် လှည့်နေတာ ဖြစ်မှာပဲ လို့ တွက်လို့ ရနိုင်တာကိုး။

ကိုကျောက်စီ နှစ်ရက်လောက် ပန်းလာမရောင်းတာဟာ ဘာမှလည်း ထူးဆန်းတာမဟုတ်ဘူး။ ဒါပေမဲ့ မဟုတ်ဘူး … အဲသည်ညနေမှာပဲ ချောက်ချားဖွယ် သတင်းတစ်ခုက တန်းလျားခန်းကလေးတွေဆီကို ရောက်လာတယ်။

ကိုကျောက်စီဟာ သူ့တဲကလေးထဲမှာ သေနေတာ နှစ်ရက်ရှိပြီ ဆိုတဲ့သတင်းပဲ။ တိုက်တိုက်ဆိုင်ဆိုင် ယန္တရားကြီးကို စက်နှိုးဖို့ရောက်လာတဲ့ အော်ပရေတာက အလောင်းကိုတွေ့တာ လို့လည်း ဆိုတယ်။ မြေကော်ယန္တရားကြီးကို စက်နှိုးဖို့များ မရှိရင် ကိုကျောက်စီရဲ့ ရုပ်အလောင်းဟာ ဘယ်လောက်အထိ လူမသိသူမသိ ရှိနေမလဲတောင် မသိနိုင်ဘူး။

သည်သတင်းကိုကြားစက တန်းလျားကလူတွေဟာ ငြိမ်သက်သွားကြတယ်။ အင်္ကျီမပါ ဘာမပါနဲ့ မိုးကလေးတဖြောက်ဖြောက်ကြားမှာ ပုဆိုးကြမ်းကလေးခြုံပြီး တင်းတင်းတောင့်တောင့် သေနေတဲ့ ကိုကျောက်စီကိုလည်း သွားကြည့်ကြဖို့ စိုင်းပြင်းကြတယ်။ ကိုကျောက်စီရဲ့ မိခင်ဌာနက တာဝန်ရှိတဲ့လူတွေလည်း ရောက်နေကြတယ်။

ဝမ်းဗိုက်ကြီးဟာ ကျောက်ပျဉ်တစ်ချပ်လို မာကျောစူထွက်နေတဲ့ ကိုကျောက်စီရဲ့ ရုပ်အလောင်းကိုလည်း သယ်ဆောင်သွားကြတယ်။ တန်းလျားကလူ တော်တော်များများဟာ ကိုကျောက်စီရဲ့ တဲကလေးရှိရာ ရောက်နေကြချိန်မှာတော့ အလောင်းမရှိတော့ဘူး။ ဒါပေမဲ့ လူတော်တော်များများရဲ့ မျက်လုံးတွေက ကိုကျောက်စီရဲ့ တဲကလေးနဲ့ ပတ်ဝန်းကျင်ကို အကဲခတ်မိသွားကြတယ်။

ဘာမှတော့ မဟုတ်ပါဘူး၊ ပန်းခြောက်တွေ …
နှင်းဆီပန်းခြောက်တွေ၊ ဂန္ဓမာပန်းခြောက်တွေ၊ ဟော်လန်ဒေစီ ပန်းခြောက်တွေ၊ ဒေလီယာပန်းခြောက်တွေ၊ အင်မတန်များပြားတဲ့ ရေတမာရွက်ခြောက်တွေ၊ လွမ်းသူ့ပန်းခွေလုပ်တဲ့ ဝါးစအဟောင်းတွေ၊ ကြိမ်ခွေတွေ၊ နှီးစတွေ၊ စက္ကူရောင်စုံအစတွေ၊ ဖဲပြားအနက်စတွေ …

အဲသည်မှာတင် လူတွေဟာ ကိုယ့်အခန်းကို ကိုယ် လေရဲ့ပြင်းထန်တဲ့ အဟုန်မျိုးနဲ့ ပြန်လာကြတယ်။ ဘုရားစင်ပေါ်ကပန်းတွေ၊ နတ်စင်ပေါ်ကပန်းတွေကို ဆွဲချကြတယ်။

ဘုရားစင်၊ နတ်စင်တွေကို ရေဆေးကြတယ်။ အမွှေးနံ့သာတွေ ပက်ကြတယ်။ တောင်းပန် တိုးလျှိုးကြတယ်။ ကန်တော့ပွဲတွေ ထိုးကြတယ်။ ရေစင်အိုးတွေ၊ နတ်အုန်းသီးတွေ လဲကြတယ်။ တချို့မိန်းမတွေက ကျိန်ဆဲကြတယ်၊ တချို့မိန်းမတွေက ငိုကြတယ်၊ တချို့မိန်းမတွေက ဒေါသအမျက် ချောင်းချောင်း ထွက်ကြတယ်၊ တချို့မိန်းမတွေက နံ့သာဖြူကရမက် သွေးရင်း ပါးစပ်က တတွတ်တွတ် ရွတ်ကြတယ်။

အဲသည်ညနေက တန်းလျားကလေးမှာ ဆူညံပွက်ထသွားတာ အမှန်ပဲ။

ကိုကျောက်စီ ပန်းမရောင်းလို့ မဝယ်ဖြစ်တဲ့ တာဇံရောင်းတဲ့ မိန်းမက လွဲလို့ ကျန်တဲ့မိန်းမတွေဟာ ကြက်သီးမွေးညင်း ထကုန်ကြတယ်။

တာဇံရောင်းတဲ့မိန်းမက သူ့ဆီမှာ အရက်အကြွေးသောက်နိုင်ဖို့ အတွက် မသန့်တဲ့ပန်းတွေကို မရောင်းဘဲ ကျေးဇူးသိသွားရှာတဲ့ ကိုကျောက်စီရဲ့စေတနာကို အခုမှ သဘောပေါက်သွားတယ်။

ကျန်တဲ့မိန်းမတွေအားလုံးကတော့ စောစောကများသိရင် ကိုကျောက်စီရဲ့ အလောင်းကိုတောင် တစ်စစီ ဆုတ်ဖြဲပစ်ကြတော့မလား မှတ်ရအောင် ဒေါသတွေဖြစ်နေကြတယ်။ အဲဒီအကြောင်းကို ရက် တော်တော်ကြာတဲ့အထိ တချို့က ကြေကြေကွဲကွဲ ပြောကြတယ်။


* * *

(၅)

တန်းလျားခန်းကလေးက လူတွေဟာ သည်ဖြစ်ရပ်ကို မမေ့နိုင်ကြဘူး။

လူဆိုတာကလည်း ခက်သားပဲ။ ဘယ်လောက်ပဲကြာကြာ ကောင်းတဲ့လူတွေကိုလည်း အောက်မေ့ သတိရနေတတ်တယ်၊ ကောက်ကျစ် စဉ်းလဲတဲ့ လူတွေကိုလည်း အောက်မေ့ သတိရနေတယ် မဟုတ်လား။ တန်းလျားက လူတွေအားလုံးဟာ ကိုကျောက်စီကို သတိရနေကြတုန်းပဲ။


(မဟေသီ မဂ္ဂဇင်း၊ အမှတ် ၈၊ ၁၉၉၁ - သြဂုတ်လ)


* * * * *

credit to mmcyber (ငွေဇင်ယော်)