Friday 23 December 2011

ဝန်ကြီးဌာနများ၏ ငွေလဲနှုန်းထားကို ကျပ် ၈၀၀ သတ်မှတ်ထား


နိုင်ငံတော် ရ-သုံးငွေရှင်းတမ်းနှင့် နိုင်ငံခြားငွေ (အမေရိကန်ဒေါ်လာ) အသုံးပြုသော အစိုးရဝန်ကြီးဌာနများ၏ ငွေလဲနှုန်းထားကို ကျပ် ၈၀၀ သတ်မှတ်ထားသည်ဟု ပြည်သူ့လွှတ်တော်ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်သောင်းက ပြောကြာင်းသည်။ “အစိုးရဌာနတွေရဲ့ နိုင်ငံခြား ငွေလဲနှုန်းကို အမေရိကန်ဒေါ်လာ ကျပ် ၈၀၀ နှုန်းနဲ့ တွက်ချက်နေပါတယ်။ အစိုးရဘတ်ဂျက်မှာလည်း ကျပ် ၈၀၀ နှုန်းနဲ့ တွက်နေတယ်” ဟု ဦးအောင်သောင်းက ဒီဇင်ဘာလ ၁၅ ရက်နေ့က ပြုလုပ်ခဲ့သည့် ပြည်သူ့လွှတ်တော်ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးရေးကော်မတီမှ တာဝန်ရှိသူများ၊ အမေရိကန်နိုင်ငံသား ဟားဗတ်တက္ကသိုလ်မှ စီးပွားရေးပညာရှင်များ၊ မြန်မာနိုင်ငံဘဏ်များမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပွဲတွင် ထည့်သွင်းပြောကြားခဲ့သည်။ အစိုးရအနေဖြင့် တရားဝင် သတ်မှတ်ထားသည့် နိုင်ငံခြားငွေလဲနှုန်းမှာ ၆ ကျပ်ဝန်းကျင်ဖြစ်ပြီး ယခင်က နိုင်ငံတော် ရ-သုံးငွေရှင်းတမ်းအချို့နှင့် နိုင်ငံခြားငွေ အသုံးပြုသော ဝန်ကြီးဌာနများ၏ ငွေလဲနှုန်းအချို့ကို တရားဝင်ငွေလဲနှုန်းဖြင့်သာ တွက်ချက်ခြင်းဖြစ်ပြီး ယခုဘဏ္ဍာရေးနှစ်မှ စတင်ကာ ကျပ် ၈၀၀ နှုန်းဖြင့် တွက်ချက်နေခြင်းဖြစ်ကြောင်း သိရသည်။ ဟားဗက်တက္ကသိုလ်မှ ပညာရှင်များက မြန်မာနိုင်ငံ၏ လက်ရှိ ငွေလဲနှုန်းကို အမြန်ဆုံး ပြင်ဆင်ပြောင်းလဲနိုင်ရန် တိုက်တွန်းပြောကြားထားပြီး အဆိုပါ အစိုးရဌာနတွင်း ကျပ် ၈၀၀ နှုန်း သတ်မှတ်မှုမှာ အဆင်ပြေမှု ရှိနိုင်သော်လည်း ပြင်ပစီးပွားရေးအခြေအနေအရ လျော်ကန်သင့်မြတ်မှု မရှိနိုင်ကြောင်း ထင်မြင်ချက်ပေးခဲ့သည်ဟု ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။ 
credit to သစ်ထူးလွင်

No comments:

Post a Comment