ဆီထွက်သီးနှံဖြစ်သော မြေပဲ နှင့်နှမ်းကို အဓိကစိုက်ပျိုးသောကြောင့် မကွေးတိုင်းဒေသကြီးကို မြန်မာနိုင်ငံ ၏ဆီအိုးကြီးဟု တင်စားခေါ်ဝေါ်လေ့ ရှိကြပါသည်။ ထိုတင်စားခေါ်ဝေါ်မှု ကန့်လန့်ကာကို လှပ်ကြည့်လိုက်သော အခါ မြေပဲနှင့်နှမ်းသာမက ကြက်သွန်၊ အာလူးတို့ကိုပါ စိုက်ပျိုးလေ့ရှိကြသော အညာတောင်သူတို့၏ဘ၀ သို့မဟုတ် ဆီအိုးကြီးကိုဖြည့်ဆည်း ပေးနေသော လက်ချောင်းများ၏ လှုပ်ရှားရုန်းကန်ရမှုများကို တွေ့မြင်လာ ရသည်။
‘မိုးရွာမရှောင် နေပူထဲ ထွန်ယက်ကာ ပဲစိုက်ကြပျိုးကြတယ်’ ဟူသော သီချင်းစာသားကဲ့သို့ အညာ တောင်သူတို့၏ဘ၀မှာ နွေအခါ၊ နေ ပူပူအချိန်တွင်ပင် အနားနေရလေ့မရှိ ဘဲ မိုးဦးကျသည်နှင့် အဆင်သင့် စိုက်ပျိုးနိုင်ရန် နွေထယ်ရေးပြုပြင်ရခြင်း၊ နွားချေး၊ ဆိတ်ချေးချခြင်း၊ ထယ် တုံး၊ ထွန်သွားခုတ်ထွင်ခြင်းများဖြင့် အလုပ်နှင့်လက်ဇယ်ဆက်သလိုရှိနေ တတ်သည်။ ထိုသို့ စိုက်ပျိုးရေး အတွက် အလုပ်မပြတ်သည့်ကြားမှပင် သောက်ရေချိုးရေ အတွက် ရေခပ်၊ ရေစည်တိုက်ခြင်း၊ နွားစာအတွက် မြက်ခြောက်၊ ကောက်ရိုးစင်းရခြင်း များကလည်း ဆိုင်းထား၍မရ။
နွေလကုန်၍ မိုးဦးကျသည်နှင့် နွေအခါက ပြုပြင်ထားသော ထယ်ရေးပေါ်တွင်သီးနှံပက်ကြဲနိုင်ရန် မိုးထယ်ရေးကို ထပ်မံပြင်ဆင်ကြရသည်။ ရာသီပေါ်ချိန်တွင် ပဲဈေး၊ နှမ်းဈေး အေးလေ့ရှိပြီး မိုးဦးကျ၍စိုက်ပျိုးချိန် ရောက်သည်နှင့် မျိုးစေ့မျိုးဆံဖိုးကြီး မြင့်တတ်သည်မှာလည်း အညာတောင်သူတို့ ကြုံတွေ့ရမြဲ ဓမ္မတာပင်ဖြစ်သည်။ ယခုနှစ်မိုးဦးကျအချိန်က မျိုးပဲဆံ တစ်ဆင်းလျှင် ကျပ်သုံးသောင်းကျော် ဈေးရှိခဲ့ပြီး ယခုပဲပေါ်ချိန်တွင် မြေပဲအတောင့်တစ်တင်းလျှင် ကျပ် ၇၀၀၀ ၀န်းကျင်သာ ဈေးရှိသည်။ မြေပဲတောင့်တစ်တင်းလျှင် အဆံသုံးပြည်ခွဲခန့် ထွက်လေ့ရှိသည်။
ဘယ်အချိန်တွင်ရွာ၍ ဘယ်အချိန်တွင် ခွာမည်မှန်း မတွက်ချက်နိုင်သော မိုးကိုမျှော်၍စိုက်ပျိုးကြရသော အညာတောင်သူတို့၏ ဘ၀ကိုမြင်တွေ့ရသည်မှာ ၀မ်းရေးကို သဘာဝတရား နှင့် လောင်းကြေး ထပ်ထားသောကစား ပွဲတစ်ခုအား ကြည့်ရှုနေရသည့်ပမာ |
ယခင်နှစ် ကြက်သွန်စိုက်ရာသီ က အချိန်အခါမဲ့ ရွာသွန်းခဲ့သော မိုးများကြောင့် မကွေးတိုင်းဒေသကြီးအတွင်း ကြက်သွန်အဓိက စိုက်ပျိုးသောယော ချောင်း၊ ပင်းချောင်း၊ ယင်းချောင်း၊ ဒေါင်းနေချောင်းများတွင်ကြက်သွန် စိုက်ခင်းများမိုးထိ၍ထွက်အားလျော့ ကျခဲ့သည်။ ကြက်သွန်ထွက်အားမ ကောင်းခဲ့သည့်အပြင် ကြက်သွန်ဈေး တစ်နှစ်ပတ်လုံးအေးနေခဲ့ခြင်းကလည်း ကြက်သွန်မှပေါ်သောငွေဖြင့် ပဲ၊ နှမ်း စိုက်ရန်တာဆူထားခဲ့သော တောင်သူများအတွက် တာထွက်မကောင်း ဖြစ်ခဲ့ရသည်။
ထိုသို့ တာထွက်မကောင်းခဲ့ရခြင်းက ပဲပေါ်ပေး၊ နှမ်းပေါ်ပေးဟူ သော ပဲ၊ နှမ်းပေါ်သည်နှင့် ရာသီပေါ်ဈေး၏ တစ်ဝက်ခန့်ဖြင့် ဈေးဖြတ်လေ့ ရှိသော ငွေကြိုပေးစနစ်ကိုခွန်အား တိုးလာစေခဲ့ပြန်သည်။ မိုးသံတညံ ညံနှင့် သူများတကာ ထွန်ယက်စိုက်ပျိုးနေချိန်တွင် ကိုယ့်ယာကွက်ကို ဗလာကျင်းမထားရက်နိုင်သော တောင် သူများက အမြတ်ကြီးစားသည်ဟု လည်း သဘောမထား၊ အတိုးများသည်ဟုလည်း ခေါင်းထဲမ၀င်နိုင်တော့ သည်မှာ အပြစ်ဟုလည်းမဆိုသာ။
မြေပဲနှင့်နှမ်းမှာ မိုးတွင်းတွင်သာ စိုက်ပျိုးရလေ့ရှိသော်လည်း မိုးကို အစဉ်သဖြင့် လိုအပ်သည့် အလေ့မရှိကြပါ။ နှမ်းများမှာ အပင်ပေါက်စ အရွယ်တွင်မိုးများလျှင်အပင်နာတတ် သည့်အလေ့ရှိပြီး အပင်ဖြစ်၍ အပွင့်မြိုင်ချိန်တွင် မိုးများလျှင်လည်း သီးလုံးမထည့်နိုင်ဘဲ ဖိုကုန်တတ်ပြန်သည်။ ယခုနှစ်တွင် မုတ်သုန်အားကောင်း၍ မိုးများခဲ့သောကြောင့် ရေနံချောင်းမြို့နယ်၊ ချောက်မြို့နယ်တို့ တွင် နှမ်းထွက်နှုန်း လျော့ကျခဲ့သည်။ သို့သော် မိုးဦးမကျမီက ကြိုကြဲအဖြစ် ကြဲလေ့ရှိသော တောင်တွင်းကြီးမြို့နယ်၊ နတ်မောက်မြို့နယ်နှင့် မကွေးမြို့နယ်များတွင် တစ်ဧကလျှင်နှမ်း တင်း ၃၀ခန့်အထိ ထွက်အားကောင်း ခဲ့သည်။ ၀ယ်လိုအား၊ ရောင်းလိုအား သဘောအရ နှမ်းထွက်အားကောင်း၍ ရောင်းလိုအား များသောကြောင့် နှမ်းဝယ်လက် အီနေခဲ့ရသည်မှာလည်း စီးပွားရေးလောက၏ အစဉ်အလာတစ်ခု အဖြစ်သာ။
ဘယ်အချိန်တွင်ရွာ၍ ဘယ်အချိန်တွင် ခွာမည်မှန်း မတွက်ချက်နိုင်သော မိုးကိုမျှော်၍စိုက်ပျိုးကြရသော အညာတောင်သူတို့၏ ဘ၀ကိုမြင်တွေ့ရသည်မှာ ၀မ်းရေးကို သဘာဝတရား နှင့် လောင်းကြေး ထပ်ထားသောကစား ပွဲတစ်ခုအား ကြည့်ရှုနေရသည့်ပမာ။ မိုးဦးနှမ်းထွက်နှုန်း လျော့စေခဲ့သော မိုးများမှုက ပင်ပြန့်မြေပဲများအတွက် အလားအလာ ကောင်းစေလိမ့်မည်ဟု မျှော်လင့်ခဲ့ကြသော်လည်း မိုးနှောင်း ကာလတွင် ဖြစ်ပေါ်ခဲ့သော မုန်တိုင်းငယ်ကြောင့် ရွာသွန်းခဲ့သော မိုးများက အပင်အတွက်သာ ခွန်အားတိုးစေခဲ့သည်။ မြေကြီးအတွင်း တိုးဝင်နေသော အမြစ်များမှာ ဥ ဥလေ့ရှိသော မြေပဲများအဖို့ မြေပေါ်အပင်၏အကိုင်းအခက်များတွင်သာ အားကုန်၍ ဥမဆင်းနိုင် ရှိခဲ့ရပြန်သည်။ လုပ်သက်ရင့်သော တောင်သူအချို့က ဥမဆင်းနိုင်သည်မှာ အပွင့်မြိုင်ချိန်တွင် မိုးမိခံရခဲ့ခြင်းကြောင့်ဟု သုံးသပ်ကြသည်။ မိုးဦးကျလျှင် ကျချင်းကြဲခဲ့သော မြေ ပဲခင်းများမှာ ဥဆင်းပြီးချိန်မှ မိုးများခဲ့သောကြောင့် ထွက်နှုန်းသင့်ခဲ့သော်လည်း နောက်ကျ၍ကြဲခဲ့ရသော မြေပဲခင်းများမှာ ထွက်နှုန်း လျော့ခဲ့ရပြန်သည်။ နှစ်စဉ်ပုံမှန်ထွက်နှုန်းမှာ မြေပဲဆံတစ်တင်းကြဲလျှင် အတောင့်တင်း ၃၀ ၀န်းကျင်ရှိသော်လည်း ယခုနှစ်တွင် ရေနံချောင်းမြို့နယ်၊ ချောက်မြို့နယ်တို့၌ ၁၀ တင်း ၀န်းကျင်ထွက်သည်အထိ ရှိခဲ့ပြီး အချို့ အခင်းများတွင် ငါးတင်းဝန်းကျင် အထိ လျော့ကျခဲ့သည်။
ကာလပေါက်ဈေးများအရ ခိုင်းဖြစ်ရုံနွားတစ်ရှဉ်းလျှင် ကျပ်လေးသိန်း၊ လှည်းတစ်စီးလျှင် ကျပ်ငါးသိန်း၊ မြေပဲဆံတစ်တင်းကြဲနိုင်သော မြေတစ်ကွက်စာလျှင်အနည်းဆုံး ကျပ် ဆယ်သိန်းနှင့်အခြားထွန်တုံး၊ ထယ်သွားဖိုးများအပါ အမာခံရင်းနှီးမြှုပ်နှံမှုအတွက်ပင် တောင်သူမိသားစု တစ်စုလျှင် ကျပ်သိန်းတစ်ရာဝန်းကျင် ရှိသည်။ ထိုအမာခံ ရင်းနှီးမြှုပ်နှံမှုများ အပြင် သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာဖိုး၊ လုပ်သားခ၊ မျိုးဆံဖိုး အပါအ၀င် မြေပဲဆံတစ်တင်းကြဲရန်အတွက် အရင်းအနှီးမှာ ကျပ်တစ်သိန်းအထက်တွင် ရှိသည်။ ထိုကျပ်တစ်သိန်းကျော် ရင်းနှီးမြှုပ်နှံထားရသော မြေပဲဆံတစ်တင်းကြဲမှ မြေပဲတောင့်တစ်တင်းလျှင် ကျပ် ၇၀၀၀ ကျော်သာ ရာသီပေါ်ဈေးရှိသော ယခုနှစ်မျိုးတွင် ပဲထွက်နှုန်းမှာ အဆံ တစ်တင်းကြဲလျှင် အတောင့်ဆယ်တင်းသာရရှိခဲ့သော တောင်သူများ ၏ဘ၀မှာ . . .။
သို့သော် အညာတောင်သူတို့မှာ နွေလကုန်၍ မိုးနံ့သင်းသည်နှင့် ထွန်တုံးကိုယ်စီဖြင့် ပဲ၊ နှင်းစိုက်ခင်းများသို့ ဆင်းကြဦးမည်သာ။ နှမ်းများ ဖွေး၍ချောင်းရေဝေးချိန်တွင် ရေပုံး ဆိုင်းထမ်းကိုယ်စီဖြင့်ကြက်သွန်၊ အာလူးစိုက်ခင်းများကို မြေသြဇာကျွေး နေရဦးမည်သာ။ နေ့စဉ် ထမင်းစား တိုင်း ဆီနံ့မသင်း၊ ကြက်သွန်ကင်း သောဟင်းဖြင့် မစားတတ်သော ကျွန်တော့်အဖို့ အညာမြေမှဆီအိုးကြီး ကိုဖြည့်ဆည်းပေးနေသော လက်များ အစဉ်သဖြင့် ခွန်အားပြည့် တင်းနေနိုင်ရန် အညာတောင်သူတို့၏ ဘ၀ရုန်းကန်ရခြင်းမှ asကင်းဝေးနိုင်ရန် သာ ဆုတောင်းနေမိပါသည်။
Eleven Media Group
No comments:
Post a Comment