Friday 23 December 2011

သူရယ် ကျနော်ရယ် ဗိုလ်အောင်ကျော်ရယ်

ခေါင်းစဉ်မြင်လို့ လန့်မသွားနဲ့ ကျနော့် အသက်က အခုမှ ၄၀ ကျော်ရယ်သာ၊ လျှောက်ခဲ့တဲ့ လမ်းတွေက ကြမ်းလှတယ်၊ တောသားမှ တော်သားစစ်စစ်၊ ကား မီးရထား ဆိုတာကို ၁၉၇၄ မှ စမြင်ဖူးတာ၊ လေယာဉ်ပျံကိုတော့ ဓာတ်ပုံထဲမှာပဲ တွေ့ခဲ့ဖူးတယ်၊ မျက်စိနဲ့ သေချာမြင်ပြီး ကိုင်ကြည့်ဖူးတာက ၁၉၉၆ ခုနှစ်မှ၊ ဒါဆို ကျနော်နဲ့ ဗိုလ်အောင်ကျော်နဲ့ ဘာမှ မပတ်သက်ဘူး ဆိုတာ ရှင်းလောက်ပြီနော်၊ ခပ်တည်တည်နဲ့ ညာရင် မြေမျိုမှာကြောက်လို့ စိတ်ရင်းအတိုင်း အကုန်ပြောပြနေတာ။

ကျနော့် ငယ်နာမည်က သူပုန်၊ အစိုးရကျောင်းတက်မှ မောင်မောင်ဌေး ဖြစ်တာ၊ လေးတန်းအောင်တော့ အစ်ကို အကြီးက မြင့်ဦးဆိုတော့ မင်းက မြင့်ဌေးပေါ့ကွာဆိုလို့ မြင့်ဌေးလိုက်တာ၊ နာမည်ပြောင်းခ တစ်ပြားမှ မပေးရဘူး၊ ခပ်တည်တည်ပဲ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ ရနေလိုက်တာများ ကျနော့်တို့ တောရွာလေးမှာနော်။

ကျနော်က အနုပညာကိုချစ်တယ်။ တောမှကြီးပြီး ဟော်လိုဂစ်တာကို ချစ်ခဲ့တဲ့ကောင်၊ ကျတော် ဂစ်တာ စတီးတော့ ပလေးဘွိုင်းသန်းနိုင် (ဦးသန်းနိုင်) က အကျော်ဒေးယျ အဆိုတော်၊ ကျနော်က ဟင်္သာတမြို့နဲ့ ၇ မိုင်ကွာတဲ့ ဒူးယားရွာလေးက လမ်းသူရဲခေါင်း သံလုံး ဆီမှာ ဂျင်ဂျပ် ဂျင်ဂျပ် ဆိုပြီး ဒီကီးကို မပီတပီ တီးနေတဲ့ကောင်၊ တရွာလုံးမှာ ဂစ်တာက တစ်လုံးရယ်၊ ၅ မီးနစ် တီးခွင့်ရဖို့ မနက်ထဲက တပည့်ခံ တန်းစီခဲ့ဖူးပါတယ်။ နောက်မှ သိရတာက ကျနော်တင်တဲ့ ဆရာဆိုတာလဲ ဂျင်ဂျပ်ကလွဲပြီး တခြားဘာမှမတတ်တဲ့ တက်ယောင်ကား တော်ရိလျှော်ရိ တေလေကြမ်းပိုး သူများသတ်လို့ သေတဲ့ (သေချင်းဆိုး) တကယ့် လမ်းသရဲခေတ်က ဆရာပါ၊ ကိုယ့် သင်ဆရာရဲ့ ဂုဏ်တွေကို အမှန်အတိုင်းဖော်လို့ ငရဲကျမယ်ဆို အဲဒီငရဲကို ကျနော် သွားသင့် မသွားသင့် မဲခွဲဆုံးချက် ရယူချင်တယ်၊ အများက ထောက်ခံလိုက်ရင်တော့ ကျနော် အမှန်တရားရဲ့ ပြည်သူ့ လွှတ်တော်ထဲကို ဘယ်တော့မှ ပြန်မလာပါဘူး။ (အရွေးကောက်ခံ အမတ်လိုလို ဘာလိုလို လုပ်ချလိုက်ပြန်ပြီ)

ကိုသန်းနိုင်ရဲ့ လမ်းဆက်လျှောက်မယ်  သီချင်းကို ကျနော် တီးတတ်စက၊ တနေ့လုံး ဒီသီချင်းတစ်ပုဒ်ပဲ တီးနေခဲ့ ဆိုနေခဲ့ဖူးပါတယ်၊ ဒီလိုနဲ့ တန်းဆောင်တိုင် ရပ်ကွပ် စင်မြင့်ပေါ် ကျနော် တတ်ခွင့်ရခဲ့တယ်။ ရပ်ကွက် စတိတ်ရှိုး စင်မြင့်ထက်မှာ မျက်လုံးကို မှိတ် အနုပညာဝိညာဉ်ပူးကပ် ပြီး 'ငါ့ကိုမုန်းတာ ဘယ်သူတွေလဲ'လို့ အသံကုန် ကုန်းအော်ခဲ့ဖူးတယ်။ အဲသလိုအော်ပြီး မျက်လုံးပြန်ဖွင့်ကြည့်တော့ ကျနော့် အဘိုးက နွားရိုက်တဲ့ ကျိန်လုံးကို ကိုင်ပြီး စင်ထောင့်ကနေ ကျနော့် ကို အားပေးနေတာ တွေ့လိုက်တယ်၊ သူ့နှုတ်ကလဲ မင်းကို မုန်းနေတာ တစ်ရပ်ကွက်လုံးကွဆိုပြီး အော်ဟစ် အားပေးနေတယ်။ ကလေးဘဝကတည်းက ပရိသတ်ကို တန်ဘိုးထားတဲ့ ကျနော်က အဲဒီ နွားရိုက်ကျိန်ကို ဆန့်ကျင်ပြီး သီချင်းကို အစအဆုံး ပြီးအောင်ဆိုခဲ့သလို သီချင်းဆုံးတာနဲ့ အားလုံးကို ကျေးဇူးတင်ပါတယ် ခင်ဗျာလို့ပြောပြီး စင်ပေါ်က ဝုန်းကနဲ့ ခုန်ချ ထွက်ပြေးခဲ့ဖူးတယ်။

ကျနော့် အနုပညာလမ်းကြောင်း အစက ဒီလိုလာတာ။ ဒါက ကျနော် လာခဲ့တဲ့ လမ်း၊ ကျနော့် ဘဝနောက်ကြောင်းကို ဖျက်ကနဲ ထိုးပြလိုက်တဲ့ အကွက်တကွက်ရယ်ပါ။ ဇာတ်နာချင်ရတော့ ကျနော်ကို မွေးတဲ့နေ့မှာ အစိုးရတပ်နဲ့ ကျနော့် အမျိုးတွေ တိုက်ပွဲဖြစ်တယ်။ အမေ့ဝမ်းထဲက ထွက်ထွက်ချင်း ယမ်းငွေ့ ဖုန်မှုန့်တွေကြောင့် ကျနော့် မျက်လုံး နှစ်လုံးစလုံး ကွယ်သွားတယ်။ အဘိုးအဘွား အမိအဘ ကြင်နာ သနားမှုကြောင့် ကျနော့်မျက်လုံးတွေ ပြန်မြင်ခွင့်ရတယ်။ ဒါပေမယ့် တစ်လုံးက ကွယ်လု တစ်လုံးက မှုန်ဝါးဝါး၊ ငယ်ငယ် ကလေးဘဝကတည်းက မျက်မှန်ထူထူ တပ်တဲ့ကောင်မို့ ပုလင်းဖင်လို့ နာမည်တွင်ခဲ့ဖူးတယ်။ ကဲ ဇာတ်က ရှည်နေတော့မယ်။ ကျနော့် ဇာတ်ကြောင်းအစကို ဒီနေရာမှာ ရပ်ပြီး အနုပညာဝါသနာပါတဲ့ ကျနော့်ကိုယ် ကျနော် တောရွာလေးမှာ လွယ်အိတ်လွယ် မျက်မှန်ထူထူ တပ်ပြီး လယ်ကန်သင်းပေါ် လမ်းလျှောက်နေရင်း  ရန်ကုန် ဘူတာကြီးကို အရုပ်တွေထပ်ပြီး ကိုယ့်ကိုယ်ကိုယ် ရန်ကုန်ကို ပို့လိုက်မယ်။ (ရန်ကုန်ကို ရောက်စေသတည်း)

၁၉၈၁ ရန်ကုန် ဗိုလ်အောင်ကျော်လမ်း မှာ ကျနော် သူ့ကို စတွေ့တယ်။ သူဆိုတာ တခြားလူ မဟုတ်ပါဘူး။ ကျနော့် မိန်းမ ဒေါ်ဘေဘီကို ပြောတာပါ။ ဘေဘီက ၁၆ နှစ် ကျနော်က ၁၆နှစ်နဲ့ ၄ လ။ ကျနော်တို့ နှစ်ယောက်စလုံးက ကျနော့် အစ်မ အိမ်မှာ အလုပ်လုပ်ကြတယ်။ ရန်ကုန် သိမ်ကြီး ဈေးထဲကို အသင့်ရောင်းဖို့ ပုဆိုးတွေကို ခေါက် ကော်တင်တဲ့ အလုပ်လုပ်တာပါ။

အလုပ်ပြီးလို့ သူအိမ်ပြန်တိုင်း ကျနော်က လိုက်ပို့တယ်။ စကားမရှိ စကားရှာတယ်။ ကဗျာလှလှ စာလှလှ တွေ ရွတ်ပြ ပြောပြတယ်။ သူက ကျနော့်ကို မျက်လုံးဝိုင်းဝိုင်းကြီးတွေနဲ့ ကြည့်ပြီး နားထောင်တတ်တယ်။ သေချာတာက သူ့ကို ကျနော် စိတ်ဝင်စားတယ်။ ချစ်တယ်။ ဒါပေမယ့် ဖွင့်မပြောရဲခဲ့ဘူး။ ဘာလို့လဲဆိုတော့ သူက မိန်းမ အစစ်မဟုတ်တဲ့ မိန်းကလေးတယောက် ဖြစ်နေလို့ပါ။ သူ့ကိုယ်သူ ကျနော်က ခင်ဗျားက စကား ပြောလေ့ရှိတယ်။ လွယ်အိတ်ထဲမှာ ဓားတစ်ချောင် အသင့်ဆောင်ထားတတ်တယ်။ ရန်ဖြစ်လိုက်ရင် သူလက်က သွက်တယ်။ ရန်ဖြစ်ဖို့ ကိုယ်က ဟန်ပြင်တုန်း သူလက်က ဖြောင်းကနဲဆို ရိုက်ပြီးနေပြီ၊ ကဲ စဉ်းစားကြည့် အဲသလို မိန်းကလေး တစ်ယောက်ကို ကျနော်က ဘယ်လို I Love You လုပ်ရဲမတုန်း။

ကဲ နောက်ဆုံးတော့ မိန်းမက မိန်းမပါပဲလို့ပါ ပြောရမှာပဲ။ ရုပ်ရှင်ထဲက အတိုင်း သူ ချော်လဲတယ်။ ခြေထောက်နာတယ်။ ကြင်နာတတ်တဲ့ ကျနော်က (မိန်းကလေးဆို ကြင်နာပြလွန်းလို့ မကြာခဏ အဝေဖန်ခံရဖူးတယ်) သူ့ခြေထောက်ကို ဆေးလိမ်းပေးခဲ့တယ်။ ဒီမှာပဲ သူနဲ့ ကျနော် ရင်ခုန်ခဲ့ကြတယ်။ I Love You မပြောလိုက်ရဘဲ ချစ်သူဘဝ ရောက်သွားခဲ့တယ်။

ဟုတ်ကဲ့ ကျနော်တို့ နှစ်ယောက် ချစ်သူဘဝရောက်သွားတဲ့ အဓိက ကျေးဇူးရှင်က ဗိုလ်အောင်ကျော်ပါ။ သိတယ်နော် ကျောင်းသားခေါင်းဆောင်ကြီး ဗိုလ်အောင်ကျော် ပါ။ သူ့ကို ကျနော် သိပ်ကျေးဇူးတင်တယ်။ ဘာ့ကြောင့်လဲဆိုတော့ ဗိုလ်နေဝင်းက ကျောင်းသားခေါင်းဆောင်တွေဆို မုန်းတာကို။ ဒီတော့ ကျနော်က ချစ်တာပေါ့။ ဘာဆိုင်လို့လဲလို့တော့ မမေးလိုက်နဲ့ ကျတော် ရှင်းပြမယ်။ ဒီလိုပါခင်ဗျာ----

မဆလ ပါတီ လက်ထက်မှာ တိုင်းပြည်စီးပွားရေက ကျတယ်။ ဒီတော့ ရန်ကုန်မှာ အပေါက်တွေက များလာတယ်။ တမျိုးမထင်နဲ့ဦး။ များတယ်ဆိုတဲ့ အပေါက်က လမ်းတွေ မခင်းနိုင်တော့တာကို ပြောတာပါ၊ ရန်ကုန် ပလက်ဖောင်းတွေ ပြန်မပြင်နိုင်တော့တာကို ပြောတာပါ။ ဒီတော့ လမ်းတကာ့ လမ်းထဲမှာ ဗိုလ်နေဝင်း အမုန်းဆုံးက ဗိုလ်ချုပ်လမ်းနဲ့ ဗိုလ်အောင်ကျော်လမ်းပါ။  ဒီပုဂ္ဂိုလ်ကြီးတွေ နာမည်နဲ့ ပေးထားတဲ့ လမ်းဆို မပြုပြင်တဲ့ အပြင် ပျက်ချင်သလောက် ပျက်ဆိုပြီး ပေယျာလကန် ကို ထားခဲ့တာ။

ကျနော်နေခဲ့တဲ့ ဗိုလ်အောင်ကျော်လမ်းဆို အပေါက်ပေါင်း ရာချီရှိမယ်ထင်တယ်။ မိုးရွာလိုက်ပြီဆိုတာနဲ့  လမ်းပေါ်ရေလျံ။ ဒီတော့ လမ်းလျှောက်တဲ့ သူတွေက လမ်းပေါ်ကို မျက်မမြင်လို ဟိုစမ်းသည်စမ်းလျှောက်ရင်း ချော်လဲတဲ့ လူဆိုတာ နည်းမှတ်လား။ ဒီအထဲမှာ ကျနော့် မိန်းမ ဒေါ်ဘေဘီလည်းပါသပေါ့။

ကျနော်ကတော့ မကောင်းတာတွေကိုလည်း အကောင်းမြင်တတ်တဲ့သူဆိုတော့ ကျောင်းသာခေါင်းဆောင် ဗိုလ်အောင်ကျော်ကို မုန်းတဲ့ ဗိုလ်နေဝင်းကို ကျေးဇူးတင်နေပါတယ်။

ဒီနေ့ဆို ကျနော်နဲ့ ဒေါ်ဘေဘီ အိမ်ထောင်ကျတာ ၂၁ နှစ် ပြည့်ပါပြီ။ ကျနော့် ဘဝမှာတော့ သူရယ် ကျနော်ရယ် ဗိုလ်အောင်ကျော်ရယ် ဇာတ်လမ်းလေးက ရှင်သန်ဆဲပါပဲ။ ကျတော်ကတော့ ဗိုလ်နေဝင်းမုန်းတဲ့ ဗိုလ်အောင်ကျော်ကို ချစ်နေဆဲပါပဲ။

အိမ်ထောင်သက် ၂၁ နှစ် + ရီးစာသက် ၁၁ နှစ် = ၃၂ နှစ် ပြည့် အမှတ်တရ

ကိုဂျေ

No comments:

Post a Comment